ပြည်သူကို လေကြောင်းဗုံးကြဲသတ်ဖြတ်မှု တစ်ပတ်အတွင်း အကြိမ်၃၀ထက်မနည်း စစ်တပ်ကျူး လွန်

ဓာတ်ပုံ- TNLA ပုံစာ- စက်တင်ဘာ၄ရက်က ကျောက်မဲမြို့နယ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် စေတီပျက်စီးနေပုံ။

By Ko Myo / MPA

အရပ်သားများကို ပစ်မှတ်ထားကာ စစ်တပ်က တစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံးအကြိမ်၃၀ ကျူးလွန်ခဲ့ကြောင်း သိရသည်။

ဩဂုတ်၂၉ရက်မှ စက်တင်ဘာ၄ရက်အတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုအား မန္တလေး၊စစ်ကိုင်း၊မကွေး၊မန္တလေး၊ ကချင်နှင့်ရှမ်းမြောက်ဒေသတို့၌ ကျူးလွန်ခဲ့ပြီး ပြည်သူ အနည်းဆုံး၁၂ဦးသေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စက်တင်ဘာ၅ရက်ည၌ ထုတ်ပြန်သည်။

“စစ်တပ်မပြုတ်မချင်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမှာပဲဆို တော့ အရပ်ဘက်လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး MDSI(Myanmar Defense & Security Institute) က ထုတ်ပြန်ထားတာလည်း ရှိတယ်။အဲဒီလိုထုတ်ပြန်ထားတာတွေနဲ့ ကျွမ်း ကျင်သူတွေ ပေါင်းစပ်အကြံပြုချက်တွေကို NUGအစိုးရက လေကြောင်းရန် အများဆုံးခံရတဲ့ဒေသ တွေမှာ စတင်ဖော်ဆောင်ပေးနိုင်ရင် သိပ်ကောင်းမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိ တစ်ဦးက MPAသို့ပြောသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ပညာရေးအဆောက်အအုံ၂ခုနှင့် ဘုန်းကြီးကျောင်း ၃ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုမှာ ကချင်၊ရှမ်းမြောက်နှင့် မကွေးဒေသတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်အုပ်စုသည် တစ်ပတ်အတွင်း တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်သည့် ဖြစ်စဉ် စုစုပေါင်း၂၄ ခု ရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်၂၂ရက်မှ ၂၈ရက်အတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် စစ်တပ်၏ လေကြောင်းတိုက် ခိုက်မှု အနည်းဆုံး ၂၆ခုဖြစ်ပွားခဲ့ပြီး ပြည်သူ၃၇ဦး သေဆုံးကာ ၇၅ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်း သစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း-ML