ဆုကြေးငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင် ကိုထက်မြတ်အောင်သည် စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခြင်း ခံလိုက်ရပြီး အသက်အန္တရာယ်စိုးရိမ် ရကြောင်းသိရသည်။
ကိုထက်မြတ်အောင်သည် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌတာဝန်ထမ်းဆောင် ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အား များ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) AFCC-MDYနှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း ရေးအင်အားစု (GSCB) တို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ယင်းအဖွဲ့ ၃ဖွဲ့က ယနေ့( ဒီဇင်ဘာ ၁၇ ရက်) ပူးတွဲသတင်းထုတ်ပြန်ထားသည်။
” ကိုထက်မြတ်အောင်နဲ့ ၁၄ရက်နေ့ကစပြီး ကျနော်တို့စပြီး အဆက်အသွယ်ပြတ်သွားတယ်။ အဖမ်းခံထားရတယ်ဆိုတာတော့ အတည်ပြုနိုင်တယ်။ ဖမ်းဆီးတဲ့အချိန်မှာ ဒီလိုထိုးကြိတ်မှုတွေနဲ့ တကယ့်အတင်းရုန်းရင်းဆန်ခတ်ဖမ်းဆီးမှုမျိုးတွေရှိတယ်လို့ နားလည်တယ်။ ပြောရရင် ကိုထက်မြတ်အောင်က ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သလို တကယ့် သပိတ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကိုထက်မြတ်အောင်အပေါ်မှာ စစ်အုပ်စု၊ စစ်အာဏာရှင်က အငြိုးအတေးထားနေတာကြာပြီပေါ့။ ပြောရရင် ဖမ်းချင်နေတာကြာပြီပေါ့နော်” ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက MPA သို့ပြောသည်။
ကိုထက်မြတ်အောင်ကို မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း အတည်မပြုနိုင်သေးဟု ၎င်းကပြောသည်။
ကိုထက်မြတ်အောင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ၎င်း၏ ယုံကြည်ချက်နှင့် သဘောထားဆန္ဒကို ငြိမ်းချမ်းစွာနှင့် ရဲရင့်စွာ ထုတ်ဖော်ပြသသူဖြစ်ကာ အသက်အရွယ်အားဖြင့် ၂၄နှစ်သာရှိသေးပြီး ကျန်းမာရေးအထူးကောင်းမွန်သည့် လူငယ်တစ်ဦးဖြစ်သည်။
သို့သော် စစ်အုပ်စုသည် ကိုထက်မြတ်အောင်ကို ဖမ်းဆီးစဉ် ပြင်းထန်သော အကြမ်းဖက်ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့ကြောင်းသိရသည်။
” သူရဲ့အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ စိုးရိမ်တယ်။ ရှေ့မှာလည်း ဒီစစ်အုပ်စု စစ်အာဏာရှင်တွေက ဒီလို လူထုလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ လူငယ်တွေကို အသက်အန္တရာယ်ဖြစ်တဲ့အထိ နော်။ နည်းလမ်းပေါင်းစုံနဲ့ ညှင်းပန်းနှိပ်စက်တဲ့ စစ်ကြောမှုတွေဟာ ဒါမန္တလေးမှာရှိခဲ့တယ်” ဟု ၎င်းကပြောသည်။
ကိုထက်မြတ်အောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်ယိုယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက စစ်အုပ်စု လုံးဝ တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင်သတိပေးထားသည်။
