AI ဖြင့် ဖန်တီးထားသော ‌ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများဖြင့် သတင်းအတုများ ဖြန့်ဝေနေ

ဉာဏ်ရည်တုနည်းပညာ(AI) ဖြင့် ဖန်တီးထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများဖြင့် သတင်းအတု ဖြန့်ဝေမှုများ ရှိနေသည်။

“The Daily Lens”အမည်ရှိ ယူကျူ့ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၁၇ရက်တွင် AI ဖြင့် ဖန်တီးထားသော ဒေါ်ဆောင် ဆန်းစုကြည်၏ ဓာတ်ပုံများအား အသုံးပြု၍ ရုပ်သံဖိုင်ဖြင့် သတင်းအတု ဖြန့်ဝေနေခြင်းဖြစ်သည်။

သတင်းအတု ရုပ်သံဖိုင်လင့်ခ် – https://archive.ph/wip/ez3c2

ရုပ်သံဖိုင်ဖြင့် ဖြန့်ဝေထားသော သတင်းများကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ် သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ AI အသုံးပြု၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

သတင်းအတု ဖြန့်ထားသော ရုပ်သံဖိုင်တွင် ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများသည် AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

Google တွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ” ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းများ ဖော်ပြထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သတင်းအချက်အလက်များ လုံးဝ မရတော့သဖြင့် အသက်ရှင် လျက်ရှိနေသလားဆိုတာ မသေချာတော့ကြောင်း ရိုက်တာသတင်းဌာနကို သားဖြစ်သူ ကင်အဲရစ်က ပြောဆိုခဲ့မှု အပေါ် သတင်းမီဒီယာများက သတင်းရေးသားထားကြသည်။

သတင်းမီဒီယာလင့်ခ်များ
BBC – https://bitly.cx/oFIO
DVB – https://bitly.cx/ENfdy

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဒီဇင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ထားသော်လည်း ခိုင်မာသည့် အထောက်အထားထုတ်ပြန်ထားခြင်းမရှိကြောင်း People’s Spring သတင်းဌာနက သတင်းရေးသားထားသည်။

သတင်းလင့်ခ် – https://bitly.cx/fR9d

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ် လုံးဝ မရတော့သဖြင့် အသက်သေဆုံးနေတာ ဖြစ်နိုင်ကြောင်း သားဖြစ်သူ ကင်အဲရစ်က ပြောဆိုပြီးနောက် ချိန်သားကိုက်အနေဖြင့် AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများ ပေါ်ထွက်လာခြင်းဖြစ်သည်။

သတင်းအတု ဖြန့်ဝေထားသော The Daily Lens ယူကျူ့ချန်နယ်သည် ကြည့်ရှုသူ များပြားစေရန် ရည်ရွယ်၍ ရည်ရွယ်ချက်ရှိရှိ သတင်းအတု၊ သတင်းအမှားများကို ဖြန့်ဝေနေသော သတင်းဌာနဖြစ်နေသည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။