တောင်ကိုရီးယားအာဏာရပါတီနှင့် အတိုက်အခံအမတ်များ စစ်ကော်မရှင် ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချ

ဓာတ်ပုံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံး
ပုံစာ- NUGနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုရီးယားအမတ်တို့ ဆွေးနွေးနေစဉ်

စစ်ကော်မရှင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို တောင်ကိုရီးယားအစိုးရ အာဏာရပါတီနှင့် အတိုက်အခံပါတီလွှတ်တော်အမတ်များက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်ကို အစိုးရအာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ၁၁ဦး၊ ပြည်သူ့အင်အားပါတီမှ ၂ဦး၊ Rebuilding Korea ပါတီမှ တစ်ဦး၊ တိုးတက်ရေးပါတီမှ တစ်ဦး၊ အခြေခံဝင်ငွေပါတီမှ တစ်ဦး၊ လူမှုဒီမိုကရက်တစ်ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလအမတ်တစ်ဦး စုစု ပေါင်းလွှတ်တော်အမတ်၁၈ဦးတို့က ယနေ့(ဒီဇင်ဘာ၁၇ရက်)တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ရှုတ်ချခဲ့ခြင်းဖြစ်သည်။

“ ဗဟိုအစိုးရအနေနဲ့တော့ သူတို့ထုတ်ပြန်ဖို့ အခက်အခဲရှိတယ်ပေါ့နော်။ဒါကြောင့်မို့ အာဏာရအစိုး ရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ တခြားပါတီ အဖွဲ့ဝင်တွေကနေပြီးတော့မှ စုပေါင်းပြီး ထုတ်ပြန် တာဖြစ်တယ်။ပြောချင်တာက ထုတ်ပြန်တာကတော့ အစိုးရမဟုတ်ဘူး။လွှတ်တော်အမတ်တွေ ဖြစ် တယ်။အာဏာရပါတီတစ်ခုတည်းက မဟုတ်ဘူး။အတိုက်အခံတွေရော အားလုံး ဘုံသဘောတူညီ ချက်နဲ့ ထုတ်ပြန်ကြတာဖြစ်တယ်”ဟု မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ ပြောသည်။

ယင်းကြေညာချက်တွင် မြန်မာစစ်ကော်မရှင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားမဝင် အတုအ ယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေမှုကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် တောင်းဆိုထားသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် လီယောင်ဆွန်းက နိုင်ငံတကာအသိုက်အဝိုင်းနှင့် ကိုရီး ယားနိုင်ငံတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပျက်စီးနေမှုကို ရပ်ကြည့်မနေသင့်တော့ပါဟု ပြောသည်။

စစ်ကော်မရှင်အနေနှင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေး နွေးမှုကို အာမခံရန်၊ မည်သည့်နိုင်ငံရေးအင်အားစုကိုမျှ ချန်လှပ်မထားဘဲ အားလုံးပါဝင်သော ရွေး ကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ယုံကြည်စိတ်ချရမှုကို အာမခံရန်နှင့် မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီများကို အဟန့်အတားမရှိ ပေးခွင့်ပြုရန် ကိုရီးယားလွှတ်တော်အမတ်များက တောင်းဆိုထားသည်။

ယခုကြေညာချက်သည် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုရီးယားလွှတ်တော်အမတ် တို့ ကိုရီးယားအမျိုးသားလွှတ်တော်၌ မြန်မာ့အရေးဆွေးနွေးခဲ့ခြင်း၏ နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်သည်။

ဒီဇင်ဘာ၁၁ရက်တွင် NUGနိုင်ငံခြားရေးဝန်ကြီးနှင့် တောင်ကိုရီးယားအမတ်တို့ မြန်မာ့အရေး ဆွေး နွေးခဲ့ကြသည်။