ရေဦးတွင် သေနတ် ၂ လက်ဖြင့် အလင်းဝင်လာသော စစ်သားကို သိန်း ၁၀၀ ချီးမြှင့်မည်

ဓာတ်ပုံ - ရေဦးမြို့နယ်ပကဖ
ပုံစာ - အလင်းဝင်တပ်သားယူဆောင်လာသည့် သေနတ် ၂ လက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်သားတစ်ဦး သေနတ် ၂ လက်ဖြင့် အလင်းဝင် လာကြောင်းသိရသည်။

ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီခန့်တွင် ရွှေဘိုမြို့၊ တထပ ၂ (ထောက်ပို့တပ်) က တပ်သား ကျော်မျိုးသူသည် ရေဦးမြို့၊ ကြားဖူးဝိုင်းဂိတ်၌ ကင်းကျနေစဉ် MA1 သေနတ်တစ်လက်၊ G3 တစ်လက်နှင့် ထွက်ပြေးခိုလှုံလာကြောင်း ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

” သူကတော့ ကင်းကျတဲ့အချိန်ကို ကျန်တဲ့ရဲဘော်တွေအလစ်ကို သူ့ဟာသူ သေနတ် ၂ လက် ယူပြီးထွက်လာတာ။ သိပ်တော့ အခက်အခဲမရှိဘူး။ မရှိဘူးဆိုတာ ထွက်ပြေးတဲ့နေရာနဲ့ ကျနော်တို့ ပကဖတွေရှိတဲ့နေရာနဲ့က မီတာ ၁၀၀၀ ဝန်းကျင်လောက်ပဲဝေးတာ” ဟု ရေဦးမြို့နယ်ပကဖ တာဝန်ခံက MPA သို့ပြောသည်။

ယင်းတပ်သားသည် ကျန်းမာရေးမကောင်းသဖြင့် ပကဖ က တာဝန်ယူစောင့်ရှောက်ထားကာ အနား ယူ ခိုင်းထားကြောင်းသိရသည်။

” သူ့ကျန်းမာရေးက ပြောလောက်အောင်ထိတော့ မကောင်းဘူး။ ငယ်တော့ ငယ်သေးတယ်၊ အသက် က။ လောလောဆယ်တော့ စိတ်အေးလက်အေးနားဖို့အတွက် ကျနော်တို့ လွတ်မြောက်နယ်မြေမှာ ထားပေးထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတပ်သားကို ဆုကြေးငွေသိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်‌ကြောင်းလည်းသိရသည်။

တပ်သားကျော်မျိုးသူသည် ၂၀၀၉ ခုနှစ်ကတည်းက စစ်တပ်ထဲဝင်ရောက်တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုနှစ်အတွင်း ရေဦးမြို့နယ်ပကဖထံ အလင်းဝင်လာသည့် စစ်သား ၆ဦးရှိပြီဖြစ်သည်။