ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရုရှား၏ တောင်းဆိုချက်များကို ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စု မဟာမိတ်များက ငြင်းပယ်ခဲ့ပါက ရုရှားအနေဖြင့် ယူကရိန်းအတွင်း သိမ်းပိုက်ထားမှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၇ ရက်တွင် သတိပေးပြောကြားလိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှု စတင်ခဲ့ပြီးနောက် လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျယ်ပြန့်သော သံတမန်ရေးရာ တွန်းအားပေးမှုများကို လုပ်ဆောင်လျက်ရှိသော်လည်း၊ ၎င်း၏ ကြိုးပမ်းမှုများသည် ရုရှားနှင့် ယူကရိန်းတို့အကြား ပြင်းထန်စွာ ကွဲလွဲနေသော သဘောထားများကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။
အဆင့်မြင့်စစ်ဘက်အရာရှိများနှင့် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးတွင် ပူတင်က ရုရှားအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြင်ရန်နှင့် “ပဋိပက္ခ၏ အရင်းခံအကြောင်းတရားများကို ဖယ်ရှားရန်” အတွက် သံတမန်နည်းလမ်းကို ပိုမိုလိုလားကြောင်း၊ သို့သော်လည်း “ဆန့်ကျင်ဘက်အဖွဲ့အစည်းနှင့် ၎င်း၏ ပြည်ပအားပေးအားမြှောက်ပြုသူများက အနှစ်သာရရှိသော ဆွေးနွေးပွဲများကို ငြင်းပယ်ပါက ရုရှားအနေဖြင့် ၎င်း၏ သမိုင်းဝင်နယ်မြေများကို လွတ်မြောက်အောင် စစ်ရေးနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု လည်း ပြောကြားခဲ့သည်။
ပူတင် ဆိုလိုသည့် သည့် သမိုင်းဝင်နယ်မြေများမှာ ရုရှားက သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများဖြစ်ပြီး၊ အဆိုပါလုပ်ဆောင်ချက်မှာ ယူကရိန်း၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းနှင့် အကြောင်းမဲ့ ကျူးကျော်စော်ကားခြင်းဖြစ်သည်ဟု အနောက်နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားကြသည်။
“ရုရှားစစ်တပ်က ရှေ့တန်းစစ်မျက်နှာတစ်လျှောက်တွင် မဟာဗျူဟာမြောက် အသာစီးရမှုကို ရယူထားပြီး ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်” ဟု ပူတင်က ပြောခဲ့ပြီး ရုရှားနယ်စပ်တစ်လျှောက်တွင် “လုံခြုံရေးကြားခံဇုန်” (Buffer Security Zone) တစ်ခုကို တိုးချဲ့သွားမည်ဟု သတိပေးခဲ့သည်။
“ရုရှား တပ်ဖွဲ့များသည် ယခုအခါ အရင်နှင့်မတူတော့ဘဲ တိုက်ပွဲအတွေ့အကြုံများဖြင့် ရင့်ကျက်နေပြီဖြစ်ကာ၊ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော စစ်တပ်မျိုး နောက်ထပ်မရှိတော့ပါ” ဟု လည်း ပူတင်ကဆိုသည်။
ပူတင်သည် ရုရှား၏ တိုးတက်လာသော စစ်အင်အားကို ချီးကျူးခဲ့ပြီး၊ အထူးသဖြင့် နျူကလီးယားလက်နက်တိုက်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုများ၊ ယခုလအတွင်း စစ်ဆင်ရေးတာဝန်များကို စတင်ထမ်းဆောင်တော့မည့် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော တာလတ်ပစ် Oreshnik ပဲ့ထိန်းဒုံးကျည်တို့ကို အထူးပြုဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလက ယူကရိန်းစက်ရုံတစ်ခုအား တိုက်ခိုက်ရာတွင် ယင်းဒုံးကျည်၏ ရိုးရိုးလက်နက်တပ်ဆင်ထားသော အမျိုးအစားကို ရုရှားက ပထမဆုံး စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားရန် မဖြစ်နိုင်ကြောင်း ပူတင်က ကြွားဝါခဲ့သည်။
ထို့အပြင် ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် မော်စကို၏ အစီအစဉ်များရှိနေသည်ဟူသော ဥရောပတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကို “မုသားစကားများနှင့် အခြေအမြစ်မရှိသော အဓိပ္ပာယ်မဲ့မှုများ” အဖြစ် ပယ်ချခဲ့ပြီး၊ ယင်းမှာ “ပြည်သူလူထု၏ အကျိုးစီးပွားအတွက်မဟုတ်ဘဲ အမြင်ကျဉ်းမြောင်းသော ပုဂ္ဂိုလ်ရေး သို့မဟုတ် အစုအဖွဲ့ဆိုင်ရာ နိုင်ငံရေးအကျိုးစီးပွားများအတွက်သာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
ပူတင်က ၎င်း၏တပ်ဖွဲ့များ ယခုသိမ်းပိုက်ထားသည့် အဓိကဒေသလေးခုရှိ နယ်မြေအားလုံးနှင့် ၂၀၁၄ ခုနှစ်တွင် တရားမဝင် သိမ်းယူခဲ့သော ခရိုင်းမီးယားဒေသတို့ကို ရုရှားနယ်မြေအဖြစ် အသိအမှတ်ပြုရန် အလိုရှိနေသည်။
ထို့ပြင် ရုရှားတပ်ဖွဲ့များ မသိမ်းပိုက်ရသေးသော ယူကရိန်းအရှေ့ပိုင်းရှိ အချို့ဒေသများမှ ယူကရိန်းတပ်များ ရုပ်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။
ထို့အပြင် ယူကရိန်းအနေဖြင့် နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စွန့်လွှတ်ရန် ကရင်မလင်က အခိုင်အမာ တောင်းဆိုထားပြီး၊ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ မည်သည့်တပ်ဖွဲ့ဝင်များကိုမဆို စေလွှတ်ခြင်းကို လက်ခံမည်မဟုတ်ဘဲ “တရားဝင်ပစ်မှတ်” အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သတိပေးထားသည်။
အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက နေတိုးအဖွဲ့ဝင်များ ရရှိသကဲ့သို့သော လုံခြုံရေးအာမခံချက်မျိုးကို ယူကရိန်းကို ရရှိစေမည်ဆိုပါက နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဇလန်းစကီးက ပြောကြားထားသည်။
သို့သော်လည်း ရုရှား၏ နောက်ထပ်ကျူးကျော်မှုများကို တားဆီးရန် အကောင်းဆုံး လုံခြုံရေးအာမခံချက်မှာ နေတိုးအဖွဲ့ဝင်ဖြစ်ရေးသာဖြစ်သည်ဟု ယူကရိန်းက ဆက်လက်ယူဆထားဆဲ ဖြစ်သည်။
