တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်မည့် ဒီဇင်ဘာ ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စစ်ကော်မရှင် စစ်သံရုံးအနီး၌ ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲကို အနည်းဆုံး လူအင်အား ၃၀၀ ဝန်းကျင်နှင့် အဆင်ပြေမည်ဆိုပါက အင်အား ၅၀၀ ခန့်ဖြင့် ကျင်းပရန် သက်ဆိုင်ရာ တောင်ကိုရီးယားရဲဌာနနှင့် ညှိနှိုင်းနေကြောင်း ရွေးကောက်ပွဲဆန့်ကျင် ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီဝင် ဦးကျော်ဆန်းထံက သိရသည်။
“လူအင်အားက ကျနော်တို့ ချိန်ညှိနေပါတယ်။ဒီရက်ပိုင်းက ဆိုးလ်မြို့မှာဆိုရင် ခရစ္စမတ်ရာသီလည်း ဖြစ်တယ်။နောက်တစ်ခုက နယူးရီးယားရာသီလည်း ဖြစ်တဲ့အတွက်ကြောင့် ရဲဌာနတွေလည်း အရမ်း အလုပ်များတဲ့ ကာလဖြစ်တယ်”ဟု ၎င်းက MPA သို့ပြောသည်။
အာဏာသိမ်းစစ်တပ်တွင် ရွေးကောက်ပွဲလုပ်ပိုင်ခွင့်မရှိသလို ၎င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် လုံးဝတရားမဝင်ကြောင်းနှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ကမ္ဘာကို လိမ်လည်လှည့်ဖျားမည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမို သိရှိစေရန် ရည်ရွယ်ကာ ဆန္ဒပြပွဲ ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။
ဆန္ဒပြပွဲ မကျင်းပမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။
“သတင်းစာရှင်းလင်းပွဲကတော့ တောင်ကိုရီးယားနိုင်ငံမှာ ရှိနေကြတဲ့ သတင်းဌာနတွေကို ကျနော်တို့ မြန်မာနိုင်ငံအကြောင်းကို အခုထက်ပိုပြီး ထဲထဲဝင်ဝင်သိဖို့ကို ရည်ရွယ်တာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဆန္ဒပြပွဲကို တောင်ကိုရီးယားအခြေစိုက် အဖွဲ့၃၉ဖွဲ့တို့ဖြင့် စုစည်းဖွဲ့ထားသည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်၊ မွန်းလွဲ တစ်နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်သည်။
