အမေရိကန်အစိုးရက ရေရှည်နေထိုင်ခွင့် DV ကံစမ်းမဲအစီအစဉ်ကို ရပ်ဆိုင်း

Newsweek

အမေရိကန်နိုင်ငံ၊ ရုဒ်အိုင်းလန်းပြည်နယ်ရှိ တွင် ဘရောင်းတက္ကသိုလ် ကျောင်းသားနှစ်ဦးနှင့် MIT ပါမောက္ခတစ်ဦး ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပစ်ခတ်ခံခဲ့ရမှုတွင် စွပ်စွဲခံထားရသူမှာ အမေရိကန်နိုင်ငံသို့ DV အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရှိရပြီးနောက် ရေရှည် အခြေချနေထိုင်ခွင့် (Diversity Visa) ကံစမ်းမဲအစီအစဉ်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနုမ်က ပြောကြားခဲ့သည်။

အာဏာပိုင်များက ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုသံသယရှိသူမှာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ကလော်ဒီယို ဗလန်တေး ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သူသည် မိမိကိုယ်ကိုယ် သတ်သေခဲ့ပြီးနောက် နယူးဟမ်ရှိုင်းယားပြည်နယ်၊ ဆလမ်မြို့ရှိ ကုန်လှောင်ရုံတစ်ခုတွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျောင်းသားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး နုမ်က “ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုကျူးလွန်သူ ကလော်ဒီယို မန်နျူရယ် နေးဗက်စ် ဗလန်တေးဟာ ၂၀၁၇ ခုနှစ်မှာ DV1 ဗီဇာအစီအစဉ်နဲ့ အမေရိကန်ကို ဝင်ရောက်လာခဲ့ပြီး Green Card ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူမျိုးကို ကျွန်မတို့နိုင်ငံထဲ ဝင်ခွင့် လုံးဝ မပေးခဲ့သင့်ပါဘူး” ဟု X လူမှုကွန်ရက်တွင် ရေးသားရာ၌ဖော်ပြထားသည်။

“၂၀၁၇ ခုနှစ်တုန်းကလည်း DV1 အစီအစဉ်နဲ့ ဝင်ရောက်လာတဲ့ ISIS အကြမ်းဖက်သမားတစ်ဦးက နယူးယောက်မြို့မှာ ကားနဲ့တိုက်သတ်ခဲ့လို့ လူရှစ်ဦး သေဆုံးခဲ့ပြီးနောက်၊ သမ္မတထရန့်ဟာ ဒီအစီအစဉ်ကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်” ဟု လည်းသူမက ဆက်လက်ပြောကြားသည်။

Diversity Visa (DV) အစီအစဉ်ဟု ခေါ်တွင်သော Green Card ကံစမ်းမဲအစီအစဉ်သည် အမေရိကန်သို့ လာရောက်အခြေချသူ နည်းပါးသော နိုင်ငံများမှ လူပေါင်း ၅၅,၀၀၀ ကို နှစ်စဉ် အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ကံစမ်းမဲစနစ်ဖြင့် တရားဝင်အားဖြင့်ချီးမြှင့်ခြင်းဖြစ်သည်။

ကံထူးသူများကို ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်သော်လည်း၊ Green Card ရရှိရန်အတွက် ပညာအရည်အချင်း၊ လုပ်ငန်းခွင်အတွေ့အကြုံနှင့် နောက်ကြောင်းရာဇဝင် စစ်ဆေးမှုများကို ကျော်ဖြတ်ရမည် ဖြစ်သည်။

လျှောက်ထားသူများသည် အနည်းဆုံး အထက်တန်းပညာ (သို့မဟုတ်) ၎င်းနှင့်ညီမျှသော အရည်အချင်းရှိရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းအတွေ့အကြုံ နှစ်နှစ် ရှိရမည်ဖြစ်သည်။ လျှောက်ထားရာတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံကိုသာ တင်ပြရန်လိုအပ်ပြီး လျှောက်ထားခ ပေးဆောင်ရန် မလိုပေ။

ကံစမ်းမဲပေါက်သူများသည် တရားဝင်ဗီဇာလျှောက်လွှာကို ဖြည့်စွက်ရခြင်း၊ နောက်ကြောင်းရာဇဝင်နှင့် လုံခြုံရေးစစ်ဆေးမှုများ ခံယူရခြင်း၊ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် လူကိုယ်တိုင် အင်တာဗျူးဖြေဆိုရခြင်းတို့အပြင် Green Card မရရှိမီ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ပြည့်မီရန် လိုအပ် သည်။

သမ္မတထရန့်သည် ၂၀၁၇ ခုနှစ်ကတည်းက ယင်းအစီအစဉ်မှာ “အဆိုးဆုံးထဲက အဆိုးဆုံးတွေကို ရွေးချယ်နေတာ” ဟု ဆိုကာ အစီအစဉ်ကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ် နယူးယောက်မြို့ ကားဖြင့်တိုက်ခိုက်မှုတွင် DV ဗီဇာရရှိထားသူတစ်ဦး ပါဝင်ပတ်သက်နေခဲ့ပြီးနောက် ယင်းအစီအစဉ်ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။

ထိုအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် ခေတ္တရပ်ဆိုင်းခဲ့သော်လည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၂၀၂၁ ခုနှစ်တွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်။