အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် တရားမဝင် လောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန်ဟုဆိုကာ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက ဆင်းကဒ်ပေါင်း ၂၃၀၀ ကျော်နှင့် ဘဏ်အကောင့် ၁၄၉ ခုကို ပိတ်သိမ်းခဲ့သည်ဟု ယနေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာအတွင်း ထည့်သွင်းဖော်ပြထားသည်။
သို့သော် ယင်းလုပ်ရပ်သည် နိုင်ငံတကာဖိအားကို ရှောင်လွှဲရန် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ပြီး လက်တွေ့တွင်မူ အဓိကတရားခံများကို ရှောင်ကွင်းကာ အပြစ်မဲ့ပြည်သူများသာ မြေစာပင်ဖြစ်နေရကြောင်း သုံးသပ်ဝေဖန်မှုများ မြင့်တက်လာသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် သံသယရှိအကောင့်များကိုသာ စိစစ်ပိတ်သိမ်းသည်ဟု ဆိုသော်လည်း မြေပြင်တွင် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသည့် အွန်လိုင်းဈေးသည်များ၊ ကုမ္ပဏီဝန်ထမ်းများနှင့် သာမန်ငွေလွှဲငွေယူပြုလုပ်သူ ပြည်သူအများအပြား၏ Kpay နှင့် Wave Money အကောင့်များမှာ ကြိုတင်အသိပေးခြင်းမရှိဘဲ ပိတ်သိမ်းခံနေရသည်။
“ကျွန်မက အွန်လိုင်းကနေ အထည်ရောင်းတာပါ။ တရားမဝင်တာ ဘာမှမလုပ်ပါဘူး။ ရုတ်တရက် Kpay ဝင်မရတော့ဘူး။ အထဲမှာ အရင်းနှီးထားမယ့် ပိုက်ဆံတွေ ပါသွားတယ်။ Customer ဆီက ငွေလက်ခံမရ၊ ငွေချေမရနဲ့ လုပ်ငန်းတစ်ခုလုံး ရပ်ထားရတယ်” ဟု ရန်ကုန်မြို့နေ အွန်လိုင်းဈေးသည်တစ်ဦးက ဆိုသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များနှင့် လောင်းကစားဝိုင်း အများစုသည် ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ ထိန်းချုပ်ထားသော နယ်မြေများတွင် အခြေစိုက်လည်ပတ်နေခြင်း ဖြစ်သည်။
ရွှေက္ကိုလ်ကဲ့သို့သော ဒေသများတွင် BGF ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး စစ်ကော်မရှင်ကလည်း ယင်းလုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်ကို ခွဲဝေရယူကာ လုံခြုံရေးအကာအကွယ် ပေးထားကြောင်း နိုင်ငံတကာ အစီရင်ခံစာများက ဖော်ပြထားသည်။
“အခုကာလက တကယ်လိမ်တဲ့အကောင့်တွေကို ပိတ်ပစ်တာကတော့ လက်ခံပေမဲ့ အလွတ်ကြီး အပိတ်ခံလိုက်ရတဲ့သူတွေလည်းရှိတယ်။ ရပ်ကွက်ထဲမှာလည်း ကေပေးအလိမ်ခံရတဲ့သူတွေလည်း တွေ့မြင်၊ ကြားနေရသလို ကိုယ်တိုင်လည်း အလိမ်ခံရဖူးတယ်။ ဘဏ်သမားတွေကတော့ ဗဟိုဘဏ်ကို စာတင်ရတယ်။ ဘဏ်ကလည်း အထက်က လုပ်ခိုင်းတာဘညာနဲ့ ဘောလီဘောပုတ်နေတာပဲ များတယ်”ဟု Kpay ကနေ ငွေအလိမ်ခံရဖူးသူ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက MPA သို့ ရှင်းပြသည်။
ထို့ကြောင့် စစ်ကော်မရှင် ရဲတပ်ဖွဲ့၏ ပြောဆိုချက်များသည် မြေပြင်အမှန်တရားနှင့် လုံးဝကင်းကွာနေပြီး တကယ်တမ်း အရေးယူရမည့်ပုဂ္ဂိုလ်များကို မထိရဲဘဲ ပြည်သူများကိုသာ ဒုက္ခပေးနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိလာသည်။
မကြာသေးမီက အမေရိကန်ပြည်ထောင်စုသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် အထူးအဖွဲ့များ ဖွဲ့စည်းထားကြောင်းနှင့် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်မည်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဤကဲ့သို့ နိုင်ငံတကာဖိအားများ ပြင်းထန်လာချိန်တွင် စစ်ကော်မရှင်သည် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာကို မျက်လှည့်ပြရန်အတွက် ယခုကဲ့သို့ ပြည်သူလူထု၏ အကောင့်များကို ပိတ်သိမ်းပြနေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။
လက်ရှိတွင် အကောင့်ပိတ်သိမ်းခံရသူ ပြည်သူများမှာ အကောင့်ပြန်လည်ရရှိရန် ရဲစခန်းနှင့် ဘဏ်များသို့ သွားရောက်ကာ ရာဇဝတ်သားကဲ့သို့ စစ်ဆေးခံရခြင်း၊ ထောက်ခံစာအမျိုးမျိုး တောင်းခံရခြင်းနှင့် ငွေကြေးကုန်ကျခြင်းတို့ကြောင့် အလုပ်အကိုင်ပျက်ကာ အချိန်ကုန်လူပန်း ဖြစ်ရသည်ဟု စုံစမ်းသိရှိရသည်။
“Kpay အကောင့်ပိတ်ခံရလို့ ပြန်ဖွင့်ဖို့ ရဲစခန်းသွားတာ ဟိုစာရွက်လို ဒီစာရွက်လိုနဲ့ တော်တော်ဒုက္ခရောက်ပါတယ်။ အလုပ်တစ်ဖက်နဲ့မို့ အချိန်မပေးနိုင်ဘူး။ ကိုယ့်ပိုက်ဆံကိုယ် ပြန်လိုချင်တာကိုပဲ ရာဇဝတ်မှု ကျူးလွန်ထားသလို စစ်ဆေးခံနေရတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ကျားဖြန့်လုပ်ငန်း၏ အဓိကတရားခံမှာ စစ်ကော်မရှင်နှင့် ၎င်း၏မဟာမိတ် BGF များသာဖြစ်သော်လည်း ၎င်းတို့ကို အရေးယူခြင်းမရှိဘဲ ပြည်သူလူထု၏ နေ့စဉ်သုံး ငွေကြေးစီးဆင်းမှုကို ပိတ်ပင်ခြင်းသည် ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေခြင်းသာဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
စာတည်း-ကိုဆန်း
