ရွေးကောက်ပွဲလုပ်မည့် ဒီဇင်ဘာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်၍ ပြည်သူ သေဆုံးမှု ယခင်လများထက် ၂ဆကျော် မြင့်တက်

ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ- ဒီဇင်ဘာ၁၈ရက်က ခင်ဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။

တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည့် ဒီဇင်ဘာအတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုမှာ ယခင်လများထက် ၂ဆကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ၂၈ရက်မှ ဒီဇင်ဘာ၁၈ရက်အထိ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၃၄ဦးသေဆုံးပြီး ၂၃၅ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်း သစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

“မင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲ ဘာလဲဆိုတာ နိုင်ငံတကာကို သက်သေပြလိုက်တာပေါ့။ လူ့အခွင့်အရေးနေ့မှာ မြောက်ဦးဆေးရုံကို ဗုံးကြဲချလို့ ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးရ တယ်ဆိုတာကလည်း မင်းတို့ပြောတဲ့ လူ့အခွင့်အရေးနေ့ကို ငါကတော့ ဒါပဲထင်တယ်ဆိုပြီး နိုင်ငံတ ကာကို လှန်ဆဲလိုက်တဲ့သဘောပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။

စစ်တပ်သည် ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံး ကျူးလွန် ခဲ့သည်။

အောက်တိုဘာ၃၁ရက်မှ နိုဝင်ဘာ၂၀အထိ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက် ခိုက်မှုကြောင့် အနည်းဆုံးပြည်သူ ၅၆ဦး သေဆုံးခဲ့ပြီး ၁၁၀ ဒဏ်ရာရခဲ့ကြောင်းနှင့် အောက်တိုဘာ၃ရက်မှ ၂၃ရက်အထိ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ကြောင့် အနည်းဆုံးပြည်သူ ၆၃ဦးသေဆုံးပြီး ၁၇၄ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း-ML