ဆီးရီးယာရှိ IS စစ်သွေးကြွအဖွဲ့၏ ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်

AFP

အမေရိကန်နိုင်ငံသား သုံးဦး ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသည့် အတွက် ပြင်းထန်သည့် လက်စားချေမှုအဖြစ် အမေရိကန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့၏ ပစ်မှတ်ပေါင်း ၇၀ ကျော်ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြား သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က တစ်ချိန်က ဂျီဟတ်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ခဲ့ဖူးသော ပါးလ်မိုင်ရာ မြို့တွင် IS စစ်သွေးကြွအဖွဲ့မှ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်းကြောင့် အမေရိကန်စစ်သား နှစ်ဦးနှင့် အမေရိကန်အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က “ဆီးရီးယားအလယ်ပိုင်းရှိ နေရာအနှံ့အပြားမှ ပစ်မှတ်ပေါင်း ၇၀ ကျော်ကို တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အမြောက်တပ်များဖြင့် တိုက်ခိုက်ခဲ့သည်” ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီစစ်ဆင်ရေးမှာ သိရှိထားတဲ့ ISIS အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေနဲ့ လက်နက်တိုက်တွေကို ပစ်မှတ်ထားပြီး တိကျသေချာတဲ့ စစ်လက်နက် ၁၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်” ဟု CENTCOM က ထုတ်ပြန်ခဲ့သည်။

သမ္မတထရန့်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် အမေရိကန် အနေဖြင့် “ကျွန်တော် ကတိပေးခဲ့တဲ့အတိုင်းပဲ၊ တာဝန်ရှိတဲ့ လူသတ်သမား အကြမ်းဖက်သမားတွေအပေါ် အလွန်ပြင်းထန်တဲ့ လက်စားချေမှုကို လုပ်ဆောင်နေပြီ” ဟု ရေးသားခဲ့ပြီး အမေရိကန်နိုင်ငံသားများကို တိုက်ခိုက်သူများသည် “ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ပြင်းထန်တဲ့ ရိုက်ခတ်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု သတိပေးပြောကြားခဲ့သည်။

CENTCOM ၏ ပြောကြားချက်အရ ပါးလ်မိုင်ရာ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် “စစ်ဆင်ရေး ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမား ၂၃ ဦးကို သုတ်သင်နိုင်ခြင်း သို့မဟုတ် ဖမ်းဆီးနိုင်ခြင်းများ ရှိခဲ့သည်” ဟု ဆိုသော်လည်း အဆိုပါ စစ်သွေးကြွများမှာ မည်သည့်အဖွဲ့အစည်းဝင်များဖြစ်သည်ကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိပေ။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ ယခု တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တိုက်ရိုက်မှတ်ချက်ပေးခြင်း မရှိသော်လည်း ၎င်းတို့နိုင်ငံအနေဖြင့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ကို တိုက်ဖျက်ရန်နှင့် “ဆီးရီးယားပိုင်နက်အတွင်း ၎င်းတို့အတွက် လုံခြုံစိတ်ချရသော ခိုလှုံရာများ မရှိစေရန် အာမခံချက်ပေးရန် သန္နိဋ္ဌာန်ချထားပြီး ခြိမ်းခြောက်မှုရှိသည့် မည်သည့်နေရာတွင်မဆို စစ်ဆင်ရေးများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်” ဟု X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။