China Daily
အာဆီယံနှင့် တရုတ်၏ကုန်သွယ်မှုသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယွမ် ၄.၂၉ ထရီလီယံအထိရှိခဲ့ကာ ၉.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၁၆.၇ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်းက ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုရှိ Cuori Electrical Appliances (Group) Co Ltd ၏ ကုန်တင်ကုန်ချနေရာမှ ရေနွေးငွေ့မီးပူများနှင့် ဖုန်စုပ်စက်များ တင်ဆောင်ထားသည့် ကွန်တိန်နာကား ၅ စီးသည် အင်ဒိုနီးရှားသို့ ထွက်ခွာခဲ့သည်။
အဆိုပါ ကုန်ပစ္စည်းများသည် Cuori ကုမ္ပဏီက အရှေ့တောင်အာရှသို့ သြဂုတ်လအတွင်း စတုတ္ထအကြိမ်မြောက် တင်ပို့မှုဖြစ်ပြီး ဒေသတွင်း တရုတ်အိမ်သုံးပစ္စည်းများအတွက် လိုအပ်ချက် မြင့်တက်လာနေသည်ကို ပြသနေသည်။
Ningbo အကောက်ခွန်ဌာန၏ အချက်အလက်များအရ Cuori Electrical ၏ အာဆီယံသို့ တင်ပို့မှုသည် ယခုနှစ် ပထမ ၇ လအတွင်း ယခင်နှစ်ကာလတူထက် ၄၆.၈ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၈၈.၈၁ သန်း (အမေရိကန်ဒေါ်လာ ၁၂.၃၆ သန်း) အထိ ရောက်ရှိခဲ့သည်။
Cuori ၏ဘဏ္ဍာရေးဒါရိုက်တာ Li Guangze က “ဒီနှစ်မှာ အမေရိကန်ရဲ့ အခွန်မူဝါဒတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်သူတွေအပေါ် ဖိအားတွေ တိုးလာနေပြီး ကျွန်တော်တို့က ပြည်ပမှာ လုပ်ငန်းချဲ့ထွင်မှုကို အရှိန်မြှင့်ပြီး အရှေ့တောင်အာရှစျေးကွက်တွေကို ပိုအာရုံစိုက်လာခဲ့ပါတယ်” ဟု ပြောသည်။
Li က မြို့ပြဖြစ်ထွန်းမှု မြင့်တက်လာခြင်း၊ အလယ်အလတ်ဝင်ငွေရှိသူ အများအပြားရှိလာခြင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအလယ်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် မွေးဖွားသူ Z မျိုးဆက်စားသုံးသူများ၏ ငွေသုံးစွဲနိုင်စွမ်း တိုးလာခြင်းတို့အပြင် စျေးနှုန်းသင့်တင့်ပြီး ယုံကြည်စိတ်ချရသည့် အိမ်သုံးပစ္စည်းများအတွက် လိုအပ်ချက် ပိုမိုများပြားလာခြင်းတို့ကြောင့် အာဆီယံဒေသတွင် ကုမ္ပဏီ၏ မီးပူနှင့် အခြားအိမ်သုံး ပစ္စည်းငယ်များ ရောင်းအား မြင့်တက်လာခဲ့ပြီး အာဆီယံသည် တရုတ်၏ အလျင်အမြန်ဆုံး တိုးတက်လာသည့် ပို့ကုန်စျေးကွက်များထဲမှ တစ်ခုဖြစ်လာကြောင်း ပြောသည်။
ယင်းကဲ့သို့ တိုးတက်မှုကို ပုံဖော်သည့်အနေဖြင့် အာဆီယံသည် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံနှင့် အာဆီယံတို့၏ ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ၉.၄ ရာခိုင်နှုန်း တိုးတက်ကာ ယွမ် ၄.၂၉ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၁၆.၇ရာခိုင်နှုန်းပါဝင်လာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAC) က ထုတ်ပြန်သည်။
GAC ၏ ထုတ်ပြန်ချက်အရ ယင်းကာလအတွင်း အာဆီယံအဖွဲ့ဝင်များထဲတွင် ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် တရုတ်၏ ထိပ်တန်း ကုန်သွယ်ဖက်သုံးနိုင်ငံ ဖြစ်ခဲ့သည်။
ပေကျင်းအခြေစိုက် နိုင်ငံတော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးပြုသုတေသီ Zhao Fujun က အခြေခံအဆောက်အအုံစီမံကိန်းကြီးများသည် အရှေ့တောင်အာရှရှိ တရုတ်ကုမ္ပဏီများအတွက် အဓိကလုပ်ငန်း များဖြစ်ခဲ့သော်လည်း ယခုအခါ အာဆီယံသည် တိုးတက်မှုအဆင့်သစ်သို့ ရောက်ရှိလာပြီးနောက် တရုတ်၏ အင်အားအကောင်းဆုံး ကုန်သွယ်ဖက်များထဲမှ တစ်ခုဖြစ်လာကြောင်း ပြောသည်။
တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ (CAFTA) Version 3.0 အကောင်အထည်ဖော်မှု၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) နှင့် ရပ်ဝန်းနှင့် လမ်းကြောင်း ပဏာမခြေလှမ်းအောက်တွင် ကုန်သွယ်မှုတိုးချဲ့ခြင်းတို့သည် ရေရှည်ကုန်သွယ်မှု တိုးတက်ရန်အတွက် အားသစ်များ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း Zhao က ပြောသည်။
စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများသည် အွန်လိုင်းအစည်းအဝေးမှတစ်ဆင့် CAFTA 3.0 ဆွေးနွေးပွဲများကို တရားဝင်နိဂုံးချုပ်လိုက်ကြောင်း မေလတွင် ပူးတွဲကြေညာခဲ့သည်။
တရုတ်နှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့သည် သက်ဆိုင်ရာ ပြည်တွင်းအုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ကာ ယခုနှစ်ကုန်တွင် CAFTA 3.0 အဆင့်မြှင့်တင်ရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
CAFTA 3.0 သည် လက်ရှိတရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အောက်ရှိ လုပ်ငန်းနယ်ပယ်များအပြင် ဒစ်ဂျစ်တယ်စီးပွားရေး၊ စိမ်းလန်းသောစီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှု၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော အရေးပါသည့် လုပ်ငန်းနယ်ပယ်အသစ်များ အပါအဝင် နယ်ပယ် ၉ ခုကို လွှမ်းခြုံထားသည်။
ပေကျင်းပညာရေးတက္ကသိုလ်၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန် သုတေသနစင်တာ၏ ဒါရိုက်တာ Cai Hongbo က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် စိန်ခေါ်မှုများ မြင့်တက်လာနေချိန်တွင် CAFTA 3.0 ဆွေးနွေးပွဲများ ပြီးမြောက်အောင် လုပ်နိုင်ခြင်းသည် ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးအနက် ကတိကဝတ်အသစ်ပြုခြင်းကို ပြသနေပြီး လွတ်လပ်သော ကုန်သွယ်ရေး၏ ခံနိုင်ရည်ရှိမှုအပြင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ပိုမိုကြီးမားသည့် ယုံကြည်မှုကို ဖော်ပြနေကြောင်း ပြောသည်။
“အာဆီယံအနေနဲ့ တရုတ်ကုန်ပစ္စည်းတွေကို လိုအပ်နေရတာက ဝယ်လိုအားက တိုးတက်နေပြီး စျေးနှုန်းသင့်တင့်မှုနဲ့ ထောက်ပံ့မှု ယုံကြည်စိတ်ချရမှုက အရေးအကြီးဆုံးဖြစ်နေလို့ပါပဲ” ဟု Cai က ဆိုသည်။
“တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းစွမ်းဆောင်ရည်၊ ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်သွယ်ရေး သဘောတူညီချက်တွေက တရုတ်ကို သဘာဝအတိုင်း ထောက်ပံ့ပေးသူအဖြစ် ပုံဖော်ပေးနေတာပါ” ဟု ဖြည့်စွက်ပြောသည်။
ဥပမာ အရှေ့တောင်အာရှသည် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အဓိကအခြေခံအဆောက်အအုံကွာဟမှုများ ကြုံတွေ့နေရဆဲဖြစ်သည်။
တရုတ်နိုင်ငံမှ ဓာတ်အားပေးစက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများကဲ့သို့သော ကုန်ပစ္စည်းများသည် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားနှင့် မြို့ပြချဲ့ထွင်မှုအတွက် အရေးပါသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ တရုတ်၏ စျေးနှုန်းသက်သာစွာဖြင့် ပမာဏများများ ထောက်ပံ့နိုင်စွမ်းသည် အဓိကမိတ်ဖက်အဖြစ် ဖြစ်လာစေသည်ဟု Cai က ဆက်လက်ပြောသည်။
စိုက်ပျိုးရေးထွက်ကုန်များအပြင် အာဆီယံ၏ တရုတ်သို့တင်ပို့သည့် ကုန်ပစ္စည်းများသည် ရာဘာ၊ စွန်ပလွံဆီ၊ ပင်လယ်စာ၊ သစ်၊ ကျောက်မီးသွေး၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်လုပ်ရန် ကုန်ကြမ်းများ၊ သန့်စင်ထားသောဆီ၊ ကြေးနီ၊ နီကယ်နှင့် အခြားတွင်းထွက်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးကို လွှမ်းခြုံထားသည်။
ဒေသတွင်း အဖွဲ့အစည်းက အချက်အလက်သိုလှောင်ကိရိယာများ၊ ပေါင်းစပ်ပတ်လမ်းပြားများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ရာဘာအခြေခံ ဆေးဘက်ဆိုင်ရာပစ္စည်းများကဲ့သို့သော ထုတ်လုပ်ပြီး ကုန်ပစ္စည်းများကိုလည်း တရုတ်သို့ ထောက်ပံ့ပေးသည်။
တရုတ်က အာဆီယံသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ကွန်ပျူတာ၊ ဆက်သွယ်ရေးပစ္စည်းကိရိယာ၊ ရထားများ၊ ကုန်စည်နှင့် ကွန်တိန်နာသင်္ဘောများ၊ တူးဖော်ရေးယန္တရားများ၊ ဒီဇယ်ဆီ၊ သံမဏိ၊ အလင်းရောင်ထုတ်ကုန်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အထည်အလိပ်နှင့် အိမ်သုံးပစ္စည်းများ ဖြစ်သည်။
တရုတ်၏ လျှပ်စစ်ကားများ၊ ဓာတ်အားသိုလှောင်ကိရိယာများနှင့် ကုန်တင်ကားများသည်လည်း မကြာသေးမီနှစ်များအတွင်း အာရှနိုင်ငံအများအပြားတွင် လူကြိုက်များလာသည်။
ဖူကျန့်ပြည်နယ်၊ ဖူကျိုးအခြေစိုက် ဓာတ်အားပေးစက်ကိရိယာထုတ်လုပ်သူ Agg Power Technology (Fuzhou) Co Ltd က လာမည့်နှစ်များတွင် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ နည်းပညာဆန်းသစ်မှုတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ကာ ဒေသခံ ဝန်ဆောင်မှုကွန်ရက်များကို အားကောင်းစေခြင်းဖြင့် အာဆီယံစျေးကွက်များတွင် တိုးချဲ့သွားရန် စီစဉ်ထားသည်။
ဖူကျိုးအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ ဇူလိုင်လကာလအတွင်း အာဆီယံသို့ ကုမ္ပဏီ၏ တင်ပို့မှုသည် ယွမ် ၁၄၇ သန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာ Chen Ran က Agg Power မှ ကုန်ပစ္စည်းပုံစံအမျိုးမျိုးကို ပြုပြင်ပြောင်းလဲခြင်းနှင့် ကွဲပြားသော သုံးစွဲသူလိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို ပေးနိုင်ရန် ကြိုးစားဆောင်ရွက်မှုများကြောင့် အရှေ့တောင်အာရှစျေးကွက်များတွင် ဒီဇယ်မီးစက်များ၏ ရောင်းအားသည် အထူးသဖြင့် ကောင်းမွန်နေကြောင်း ပြောသည်။
“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အာဆီယံနိုင်ငံတွေမှာ မြို့ပြအခြေခံအဆောက်အအုံစီမံကိန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး တည်ငြိမ်တဲ့ ဓာတ်အားပေးနိုင်အောင် အာမခံပေးထားတဲ့အတွက် ကျွန်တော်တို့ရဲ့ စျေးကွက်ဝေစုကို တိုးလာစေပါတယ်” ဟု Chen က ပြောသည်။
ယခုနှစ်တွင် အင်ဒိုနီးရှားရှိ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်ဆီဆိုင်များအပါအဝင် စီမံကိန်းများစွာတွင် ကုမ္ပဏီက ပါဝင်ဆောင်ရွက်ခဲ့ပြီး ယင်းနိုင်ငံတွင် ကုမ္ပဏီ၏စျေးကွက်ဝေစုကို ၁၉ ရာခိုင်နှုန်း အထိ တိုးတက်လာစေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
အာဆီယံစီးပွားရေးများ တိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံမှ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များအတွက် လိုအပ်ချက်သည်လည်း လျင်မြန်စွာ တိုးတက်လာပြီး အီလက်ထရောနစ်၊ ဒစ်ဂျစ်တယ်နှင့် စိမ်းလန်းသောနည်းပညာများကဲ့သို့သော နယ်ပယ်များတွင် အာဆီယံ၏ တင်သွင်းမှုသည် ပိုမိုအာရုံစိုက်လာကြောင်း ကွမ်တုံးပြည်နယ်၊ ရှန်ကျန်းအခြေစိုက် အိမ်သုံးစက်ရုပ်ထုတ်လုပ်သူ Yunjing Intelligence Innovation Co Ltd ၏ တည်ထောင်သူ Zhang Junbin က ပြောသည်။
“ဒီနှစ်အစကတည်းက ကျွန်တော်တို့က အာဆီယံမှာ ချဲ့ထွင်ဖို့ကို အဓိကထားပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာကို ရှေ့တိုးဆောင်ရွက်နေပါတယ်” ဟု Zhang က ပြောသည်။
“ကျွန်တော်တို့ရဲ့ စက်ရုပ်ဖုန်စုပ်စက်တွေမှာ ဉာဏ်ရည်တုသုံး မြင်ကွင်းမှတ်သားမှုနဲ့ အသိဉာဏ်ရှိတဲ့ လမ်းကြောင်းစီမံခန့်ခွဲမှု နည်းပညာတွေ ပါဝင်တဲ့အတွက် ပြည်ပစျေးကွက်တွေမှာ အထူးကောင်းမွန်စွာ ရောင်းချနိုင်ပါတယ်” ဟု ဖြည့်စွက်ပြောသည်။
ရှန်ကျန်းအကောက်ခွန်ဌာန၏ အချက်အလက်များအရ ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်ကုမ္ပဏီ၏ အာဆီယံသို့ တင်ပို့မှုသည် ယွမ်သန်း ၂၀ နီးပါး ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၉၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
GAC ၏ စာရင်းအင်းနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန၏ ဒါရိုက်တာ Lyu Daliang က စိန်ခေါ်မှုများသော ပြင်ပပတ်ဝန်းကျင်ကြားမှ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် တည်ငြိမ်စွာ တိုးတက်နေပြီး ကုန်သွယ်မှုဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာကာ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များသည် စုစုပေါင်းတိုးတက်မှု၏ အရေးပါသောအခန်းကဏ္ဍမှ ပိုမိုအရေးပါစွာ ပါဝင်နေကြောင်း ပြောသည်။
GAC ၏ အချက်အလက်များအရ အဆင့်မြင့်စက်ကိရိယာများနှင့် လျှပ်စစ်ကားများအပါအဝင် အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များ၏ တရုတ်ကုန်သွယ်မှုသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယွမ် ၅.၁ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈.၄ ရာခိုင်နှုန်းတိုးတက်ကာ ယင်းကာလအတွင်း စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတိုးတက်မှု၏ ၄၅.၄ ရာခိုင်နှုန်း ကို အထောက်အကူပြုခဲ့သည်။
ကုန်သွယ်မှုတိုးတက်မှုနှင့်အတူ ဒေသတွင်း ချိတ်ဆက်မှုစီမံကိန်းများ ပိုမိုကောင်းမွန်လာခြင်းသည်လည်း တရုတ်-အာဆီယံ စီးပွားရေးဆက်ဆံရေးကို အားကောင်းစေသည်။
ဥပမာအားဖြင့်၊ တရုတ်-လာအို မီးရထားလမ်းသည် ပထမနှစ်ဝက်တွင် တင်သွင်းမှုနှင့် တင်ပို့မှု တန်ချိန် ၃ သန်းကျော်ကို ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ယွမ် ၁၂.၈ ဘီလီယံကျော်ရှိခဲ့ကာ ယခင်နှစ်ကာလတူထက် ၈.၂ ရာခိုင်နှုန်း နှင့် ၃၈.၅ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ကူမင်းအကောက်ခွန်ဌာနက ပြောသည်။
လာအိုမှ တရုတ်သို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် သစ်သီးများ၊ ဘီယာ၊ ကောက်ညှင်း၊ ရာဘာနှင့် တွင်းထွက်ပစ္စည်းများ ပါဝင်ပြီး တင်ပို့သည့် ကုန်ပစ္စည်းအမျိုးအစားသည် ၁၀ မျိုးကျော်မှ ၃,၀၀၀ ကျော်အထိ တိုးချဲ့လာသည်။
ပေကျင်းရှိ နိုင်ငံတကာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတက္ကသိုလ်၊ တရုတ်ပွင့်လင်းစီးပွားရေး သုတေသနဌာနမှ သုတေသီ Chen Jianwei က ဒေသတွင်း ချိတ်ဆက်မှုစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်လာသည်နှင့်အမျှ အရှေ့တောင်အာရှမှ ကုန်ပစ္စည်းအမျိုးမျိုးသည် ရိုးရာကုန်စည်များမှသည် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ပိုမိုကျယ်ပြန့်စွာ တရုတ်စျေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြောသည်။
ပိုမိုအားကောင်းသည့် ကုန်သွယ်မှုဆက်ဆံရေးသည် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုချိတ်ဆက်ပေးမည်ဖြစ်ပြီး တရုတ်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေကာ ရေရှည်တိုးတက်မှုအတွက် အားသစ်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း Chen က ပြောသည်။
