By Ra Wai / MPA
မြန်မာပြည်သူ ၂ဒဿမ၈သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရကြောင်း WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) က သတင်းထုတ်ပြန် သည်။
မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းသည် ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာကြောင်း လည်း WFP က ဆိုသည်။
“ကျနော်တို့ ရန်ကုန်လို စစ်ဘေးဒဏ်မခံရတဲ့ မြို့ပြတွေမှာတောင် လူလတ်တန်းစားအဆင့်တွေ အလုပ်တွေပြုတ်၊အလုပ်တွေပျက်လို့ ဒုက္ခရောက်နေတာ စစ်တပ်အာဏာသိမ်းပြီးတော့ ၂၀၂၃လောက်ကစပြီး အဆိုးရွားဆုံးဖြစ်လာနေတာ အခုထိပဲ။စစ်ဘေးသင့်တဲ့ဒေသတွေမှာဆိုရင် ရန် ကုန်ထက် အဆများစွာ ခံနေရမှာ သေချာတယ်”ဟု ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ ဆောက်လုပ်ရေးအင် ဂျင်နီယာတစ်ဦးက MPAသို့ပြောသည်။
အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်စျေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့်ယှဥ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများအတွက် အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့်အခြေအနေကို ဖြစ်နေကြောင်း မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေကြောင်း WFP ကဆိုသည်။
ရန်ကုန်မြို့တွင်လူဦးရေ ၁၀ ယောက်၌ လေးယောက်ကျော်မှာ ဆင်းရဲနွမ်းပါးနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP၏ ဇွန်၃ရက်ထုတ် ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်းက ဆိုသည်။
၂၀၁၇ခုနှစ်တွင် ရန်ကုန်မြို့လူဦးရေ၏ ၁၀ရာခိုင်နှုန်းသာ ဆင်းရဲနေသူများဖြစ်ပြီး ၂၀၂၃ခုနှစ်သို့ ရောက် သောအခါ ဆင်းရဲသူ ၄၃ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း သိရသည်။
စာတည်း-ML
