By Ra Wai / MPA
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာကို အကြောင်းပြချက်မရှိဘဲ ရိက္ခာ ၇ရက်ဖြတ်မည်ဟု စစ်ကောင်မရှင်ခန့် အုပ်ချုပ်ရေးမှူးက ပြောကာ ဆိုင်များကိုပိတ်ခိုင်းလိုက်ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာ ၆ရက်) နေ့ခင်း ၁၁နာရီခန့်တွင် ခင်ကြီးရွာမှ စစ်ကော်မရှင်ခန့်အုပ်ကြီးက ရိက္ခာ ၇ရက်တိတိဖြတ်တောက်မည်ဖြစ်သဖြင့် ယနေ့ မွန်းတည့် ၁၂နာရီခန့်မှ စ၍ ရွာတွင်း၊ ရွာပြင်ရှိဈေးဆိုင်များ ပိတ်ရမည်ဟု ၎င်း၏နေအိမ်မှ မိုက်ခရိုဖုန်းဖြင့်အော်ကြောင်း Voice of Wundwin အဖွဲ့ထံက သိရသည်။
” တစ်နာရီပဲကြိုပြီးကြေငြာတာကြီးကလွန်တယ်လေ။ ဘယ်လိုလုပ် ကြိုတင် စီစဉ်နိုင်ကြမလဲ။ ၁၂မထိုးခင်ကတော့ လူတွေ ဆူညံနေပြီး စျေးလိုက်ဝယ်နေကြပေမယ့်၊ အခုတော့ ဆိုင်တွေလည်းပိတ်သွားပြီး ခြောက်ကပ်နေတယ်ပြောတယ်” ဟု Voice of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဟင်းသီးဟင်းရွက်၊အသား၊ ငါး၊ ကုန်စိမ်းကုန်ခြောက်စသဖြင့် မည်သည့် စားသောက်ကုန်မျှရောင်းချခွင့်မရှိသည့်အပြင် ဓာတ်ဆီနှင့်ဒီဇယ် ဆိုင်များကိုလည်း ပိတ်ခိုင်းကြောင်းသိရသည်။
” မြို့ပေါ်ကို မနက်ကမိုက်နဲ့အော်ပြီး ပြေးဝယ်တဲ့သူတွေတချို့တော့ပြန်မလာကြသေးဘူး၊ ဝယ်နေကြတုန်းပြောတယ်ဗျ။ ရွာထဲကဆိုင်တွေက ပြောင်ပြီမလို့ သဲတော၊ ဝမ်းတွင်းမြို့ပေါ် ပြေးဝယ်ကြတဲ့သူတွေရှိတယ်လေ” ဟု ၎င်းက ဆက်လက်ပြောသည်။
ခင်ကြီးရွာသည် ဝမ်းတွင်းမြို့နှင့် ၄မိုင်ခန့်သာ ဝေးပြီး အိမ်ခြေ ၁၀၀၀နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ကာမည်သည့် အကြောင်းကြောင့် ယင်းသို့ ရိက္ခာဖြတ်သည်ကို မသိရှိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ လေသာကုန်းနှင့် မြင်းခြံကုန်းရွာတို့ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ဆန်၊ ဆီ၊ ဆား၊ အသားငါး၊ ဟင်းချက်စရာများ လုယက်သွားကာ တစ်အိမ်ထောင်ကို ၂ရက်စာစားရန်အတွက်သာ ပြန်ပေးခဲ့ကြောင်းသိရသည်။
စာတည်း-ML
