By Nway / MPA
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်ဂိတ်တစ်ခုမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး သွားကြောင်းသိရသည်။
စက်တင်ဘာ ၅ရက်၊ နံနက် ၁နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုဆည် မကျီးပင်ဂိတ်တွင် တပ်စွဲထားသည့် စစ်သား အယောက် ၂၀ တို့ စခန့်စွန့်ခွာသွားခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ထံက သိရသည်။
” ဘာဖြစ်လို့ ဆုတ်သွားတာလဲ ဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူးဗျ။ စခန်းစွန့်ခွာ သွားတာကတော့ ကျနော်တို့နဲ့ ဘာတိုက်ပွဲမှဖြစ်ပွားခြင်းတော့မရှိဘူး။ ရုတ်တရက်ကြီးပေါ့နော်၊ သူတို့ဆုတ်သွားတာ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁တပ်ရင်းမှ ရဲဘော်ထင်ကျန်က MPA သို့ပြောသည်။
တောင်ညိုဆည် မကျီးပင်ဂိတ်မှ စစ်သားများသည် ၅မိုင်ခန့်အကွာရှိ ပျဉ်ပုံပျူရွာသို့ ဆုတ်ခွာသွား ခြင်းဖြစ်ကြောင်းသိရသည်။
စစ်အုပ်စုဝင်များမရှိတော့သဖြင့် ယင်းဂိတ်စခန်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁တပ်ရင်းမှ ဒုတပ်ရင်းမှူးဦးဆောင်ကာ တပ်ခွဲ ၂ ၊၄၊ ၆တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေးဝင်ရောက်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” တို့က မိုးလင်းတာနဲ့ တန်းပြီး ရှင်းလင်းရေးလုပ်တာ ဆန် ၁၁အိတ်ရယ်၊ ပဲက ၂အိတ်ရယ်၊ ကျည်လေးနည်းနည်းနဲ့ ရှေ့ထွက်မိုင်း လိပ်ခုံး မြန်မာဖြစ် တစ်လုံး၊ နိုင်ငံခြားဖြစ် ၂လုံး ရတယ်ပေါ့။ နောက်ပြီး စစ်အသုံးအဆောင်ပစ္စည်းတွေရတယ်ပေါ့။ သူတို့အသုံးအဆောင်ပစ္စည်းတွေကတော့ တစ်ပုံတခေါင်းကြီး အများကြီးပဲ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁မှ ဒုတပ်ရင်းမှူးက ပြောသည်။
တောင်ညိုဆည် မကျီးပင်ဂိတ်၌ စစ်အုပ်စုဝင်များ အထိုင်ချတပ်စွဲထားသည်မှာ ၃နှစ်နီးပါးရှိပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ညိုဆည်မကျီးပင်ဂိတ်နှင့် နတ်တလင်းမြို့သည် ၁၀မိုင်ဝန်းကျင် ကွာဝေးသည်။
စာတည်း-ML
