MRTV အပါအဝင် စစ်အုပ်စု ရုပ်သံလိုင်း ၁၄ခုကို Twitch ဖယ်ရှား

မြန်မာစစ်အုပ်စု၏ ရုပ်သံလိုင်း ၁၄ခုကို ဗွီဒီယိုပလက်ဖောင်းတစ်ခုဖြစ်သည့် Twitch က ဖယ်ရှားလိုက်ကြောင်းသိရသည်။

Amazon ပိုင် ဗွီဒီယိုပလက်ဖောင်းတစ်ခုဖြစ်သည့် Twitch သည် ၎င်း၏ ဝဘ်ဆိုဒ်နှင့် မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့အသံ ၁၄ လိုင်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ပြုလုပ်နေသည့် အကောင့်များကို ဖယ်ရှားလိုက်ပြီး အတုအယောင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

ယင်းသို့ ဖယ်ရှားလိုက်မှုသည် အဆိုပါဝါဒဖြန့်အကောင့်များအတွက် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု များ ဆက်လက်ပေးအပ်နေမှုများနှင့်စပ်လျဥ်း၍ ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် လိုက်နာမှုနှင့် လူ့အခွင့် အရေးဆိုင်ရာ စိုးရိမ်မှုများအား မေးခွန်းထုတ်‌ဖော်ပြထားသည့် Justice For Myanmar ၏ Twitch ထံ ပေးပို့ခဲ့သောစာနှင့် အပ်ပလီကေးရှင်းအတွင်း ရီပို့ထုတိုင်ကြားခဲ့ခြင်းများအပေါ် တုန့်ပြန်ဆောင် ရွက် ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

MITV၊ MRTV နှင့် မြန်မာ့အသံတို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ် လွှင့်နေခြင်းဖြစ်ပြီး MRTVကို အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကား ဖြင့် ထုတ်လွှင့်ကာ MITV မှာ နိုင်ငံခြားပရိသတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာ သာဖြင့် ထုတ်လွှင့်နေခြင်းဖြစ်သည်။

MRTV နှင့် MITV ဝဘ်ဆိုဒ်များနှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များသည် ယခုအခါ “ဝမ်းနည်းပါတယ်။ လူကြီးမင်းထံတွင် Time Machine မရှိသရွေ့ ယခုအကြောင်းအရာကို ကြည့်ရှု၍ မရနိုင်ပါ” ဟူသော Twitch ၏ အမှားအချက်ပြစာတမ်း ပြသနေပြီး Twitch ဝဘ်ဆိုဒ်ပေါ်ရှိ အဆိုပါအကောင့်များတွင်လည်း “ဤလိုင်းသည် Twitch ၏ လူမှုစံနှုန်းများ သို့မဟုတ် ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်အတွက် လက်တလော ဝင်ရောက်ကြည့်ရှု၍ မရနိုင်ပါ”ဟူသော အမှားအချက်ပြ စာတမ်းကို ဖော်ပြနေကြောင်း Justice For Myanmar ကဆိုသည်။

စစ်အုပ်စုသည် Twitch တွင် အကောင့်များဖယ်ရှားခံရမှုအပေါ် အကောင့်သစ်များ ဖွင့်လှစ်ခြင်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တုံ့ပြန်ဖြေရှင်းခဲ့သော်လည်း ယင်းအကောင့်သစ်များသည်ပင် Justice For Myanmar ၏ ဖော်ထုတ်တိုင်ကြားခဲ့မှုကြောင့် ပိတ်သိမ်းခံခဲ့ရကြောင်းသိရသည်။

MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့ကို စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင် လှိုင်က ၂၀၂၂ ခုနှစ်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး၊ ယင်းအခမ်းအနားတွင် တိုက်ရိုက်ထုတ် လွှင့်မှုအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းသို့စတင်ထုတ်လွှင့်ခဲ့ပြီး မကြာခင်မှာပင် Justice For Myanmar ၏ ဆက်သွယ်ပြောဆိုခဲ့မှုကြောင့် Vimeo ၏ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းနှင့် နည်းပညာ ကုမ္ပဏီများဖြစ်ကြသည့် Dacast နှင့် Castr များမှတဆင့် MRTV တိုက်ရိုက်ထုတ်လွှင့်မှုများ ပိတ်ပင်ခံခဲ့ရကြောင်း JFM ကဆိုသည်။

Twitch က ဖယ်ရှားလိုက်သည့် စစ်အုပ်စု၏ ရုပ်သံ ၁၄ခုတွင် MRTV (HD)၊ MITV၊ MRTV News၊ MRTV Farmers၊ MRTV Farmers၊ MRTV NRC၊ MRTV Entertainment၊ MRTV Radio၊ Mayyu FM၊ Tha Pyay Radio၊ Myanma Radio (International)၊ NRC Radio 1၊ NRC Radio 2နှင့် Visual Radio တို့ပါဝင်ကြောင်းသိရသည်။

စာတည်း-ML