ရန်ကုန် တိုင်းရင်းသားကျေးရွာက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မြင်ကွင်း

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းရှိ ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော (၂၇၆၅) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်သည်။

ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာတွင်လည်း နှစ်သစ်ကူးအထိမ်းအမှတ် အခမ်းအနားများကို ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ပရိသတ်အကြိုက် ကရင်ရိုးရာလက်ဝှေ့ပွဲများ၊ ရယ်မောပျော်ရွှင်စရာ ခေါင်းအုံးရိုက်ပွဲများ နှင့် အခြားသော ပျော်ပွဲရွှင်ပွဲများကြောင့် လာရောက်လည်ပတ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ကရင်အမျိုးသားတို့၏ ဓလေ့ထုံးတမ်းအရ နှစ်သစ်ကူးအချိန်အခါသည် ကောက်သစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကောက်သစ်စားပွဲများ ပြုလုပ်ခြင်း၊ အချင်းချင်း ကောင်းမှုမင်္ဂလာအဖြာဖြာအတွက် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ကြသည်။

ရိုးရာဒုံးအကများနှင့် အားကစားပြိုင်ပွဲများမှာလည်း ကရင်နှစ်သစ်ကူး၏ မရှိမဖြစ် အမှတ်အသားများအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။