ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးဖြင့် ပွဲလမ်း သဘင်ကျင်းပခြင်းမပြုလုပ်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း လူ စုလူဝေးမလုပ်ရန် ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ၁၉ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဟုလည်း ဆိုသည်။
“ပြည်သူတွေ လူစုလူဝေးဖြစ်နေတာ သတင်းရရင် စခတွေ အချိန်မရွေး ဗုံးလာကြဲနိုင်တယ်ဆိုတော့ ပွဲလမ်းသဘင် မလုပ်ဖို့ အမိန့်ထုတ်တာ ကောင်းပါတယ်။လုပ်ကိုလုပ်ရမယ်။မင်းတပ်ကိုလည်း ဗုံးလာ၊ လာကြဲနေတာ ဆိုတော့ မဖြစ်အောင် ကြိုကာထားရမယ်။ပျော်ပွဲရွှင်ပွဲက မလုပ်လည်း ဘာမှမဖြစ် ဘူး။ ပြည်သူအ သက်က အရေးကြီးတယ်”ဟု မင်းတပ်CDF ရဲဘော်တစ်ဦးက MPAသို့ပြောသည်။
လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်သည် ဒီဇင်ဘာ၁၉ရက်မှ စတင်ကာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ အတည်မပြုမချင်း အသက်ဝင်သည်ဟုလည်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ၁၉ရက်မှ ၂၀၂၆၊ဇန်နဝါရီ၅ရက်အထိကို အရေးကြီးကာလ အဖြစ် သတ်မှတ်ပြီး ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့များအနေနှင့် ယင်းကာလ အတွင်း လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲ များ မပြုလုပ်ကြရန် ကရင်နီပြည်တပ်မတော်ကလည်း ထုတ်ပြန်ထားသည်။
“မင်းအောင်လှိုင်က ပြည်သူတွေ ပျော်ရွှင်နေတာကို မမြင်ချင်ဘူး။အထူးသဖြင့် လွတ်မြောက်နယ်မြေ တွေက ပြည်သူတွေ လူစုနေတာ၊ပျော်နေတာ မြင်တာနဲ့ သတ်ချင်ဖြတ်ချင်နေတယ်။ချောင်းဦးဆီမီး ထွန်းသပိတ်က အကောင်းဆုံးသက်သေပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြော သည်။
အောက်တိုဘာ၆ရက်၊သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်၊ဘုံတိုရွာတွင် စစ်အာဏာရှင်ဆန့် ကျင်ရေး ဆီမီးထွန်းသပိတ်ကျင်းပနေစဉ် စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲချခဲ့ရာ ၂၄ဦးသေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာ၈ရက်က မင်းတပ်ကျေးရွာ၂ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာ ဘော်ဒါဆောင်တွင် ပညာသင်ကြားနေသော ကျောင်းသား၃ဦးနှင့် အဆောင်နေ မသန်စွမ်းအမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး ၁၀ဦးကျော်ဒဏ်ရာရခဲ့ကြောင်း မင်းတပ် CDF ကထုတ်ပြန်ထားသည်။
အောက်တိုဘာ၄ရက် သန်းခေါင်ကျော်အချိန်တွင်လည်း မင်းတပ်မြို့ ၂နေရာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့သေးသည်။
၂၀၂၄ခုနှစ်၊ဒီဇင်ဘာ၂၁ရက်တွင် မင်းတပ်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်။
စာတည်း-ML
