စစ်တပ်အားကိုးဖြင့် ပြည်သူကို ဒုက္ခပေးနေသည့် ပေါင်းတည် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်အားကိုးဖြင့် ပြည်သူကို ဒုက္ခပေးနေသည့် ရာအိမ်မှူးအား PDFတို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ရက်၊ ည ၈ နာရီခွဲက ပေါင်းတည်မြို့နယ်၊ ကွေ့မရွာ ရာအိမ်မှူး ကိုထွေးကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် အမှတ် ၁၊ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၄ က သွားရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” သူ့ကို စောင့်ကြည့်နေတာကြာပြီ။ နေအိမ်မှာရှိနေတုန်း သွားရောက်ရှင်းလင်းခဲ့တာပါ။သေနတ်နဲ့ ၂ချက်ပစ်ခဲ့တာပါ။ ပစ်ခတ်စဉ်မှာ သူ့ဘက်က ပြန်လည်ခုခံနိုင်တာမျိုးမရှိဘူး။ ခုခံချိန်လည်း မရ‌လိုက်ဘူး ” ဟု ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က MPA ကို ပြောသည်။

ပစ်ခတ်မှုအပြီး ၂နာရီခန့်အကြာတွင် ကွေ့မရွာသို့ စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ် ခဲ့ကာ ရွာလမ်းကိုလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

” ပိတ်ဆို့စစ်ဆေးမှုတွေက မနေ့ကတော့ လုပ်တယ်။ ဒီနေ့(ဒီဇင်ဘာ၂၀)မှာတော့ လမ်းကြောင်းရှင်း သွားပါပြီ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရာအိမ်မှူး ကိုထွေးသည် စစ်တပ်နှင့်ပေါင်းကာ ကွေ့မရွာအတွင်းရှိ ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ စစ်တပ်ကို တိုင်တန်းမှုများ‌ကြောင့် ပြည်သူများ တိမ်းရှောင်နေရကာ ယင်းရွာအတွင်း နေထိုင်သူများ ဧည့်စာရင်းမတိုင်ပါက ရိုက်နှက်ခဲ့သည့်အပြင် မြောက်ကုန်းကြီးအုပ်စုအတွင်းရှိ ပြည်သူများကို စစ်မှုထမ်းရန် ဖမ်းဆီးခြင်း၊ ကွေ့မရွာတွင် စစ်မှုထမ်းကြေးငွေ ၅သောင်း မှ တစ်သိန်းအထိ ကောက်ခံခြင်းများပြုလုပ်နေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ တပ်ရင်းက ဆိုသည်။

ပစ်ခတ်ရှင်းလင်းပြီးချိန်တွင် ၎င်း၏ ဖုန်းထဲ၌ စစ်တပ်နှင့် ဆက်သွယ်ထားသည့် အချက်အလက်များ တွေ့ခဲ့ကြောင်း သိရသည်။

စာတည်း-ML