ဆိုက်ကား တာယာများ ကျပ် ​ခြောက်သောင်းကျော်ထိ မြင့်တက်လာ၍ အနှေးယာဥ်လုပ်သားများ အဆင်မပြေဖြစ်နေ

Photo - MPA

ဆိုက်ကား တာယာစျေးနှုန်းများ ကျပ်ခြောက်သောင်းကျော်ထိ မြင့်တက်နေသဖြင့် အနှေးယာဥ်လုပ်သားများ အဆင်မပြေ ဖြစ်နေရကြောင်း အဆိုပါ လုပ်သားများထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့၌ ပြီးခဲ့သည့် လကစ၍ စျေးကွက်အတွင်း ဆိုက်ကား တာယာများ ရှားပါးနေပြီး အလွယ်တကူ ဝယ်မရ ဖြစ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ တာယာစျေးများသည် အဆမတန် မြင့်တက်လာပြီး ကျပ်ခြောက်သောင်းကျော်ထိ ပေါက်စျေး ဖြစ်လာသည်ဟု သိရသည်။

” ဟိုနေ့က အကို့ သူငယ်ချင်းကို လိုက်ဝယ်ပေးတာ ခြောက်သောင်း တစ်ထောင်ပေးရတယ်။ ပြောမနေချင်တော့ဘူး စျေးက မတရားကြီးကို တက်နေတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စက်ဘီး အပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။

ဆိုက်ကား တာယာများသည် အရည်အသွေး မကောင်းသည့် တာယာများပင် တစ်ခု ကျပ်လေးသောင်းနီးပါး ရှိနေပြီး အရည်အသွေးကောင်း တာယာများမှာ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်စျေး ရှိနေခြင်းလည်း ဖြစ်သည်။

” အသိ တစ်ယောက်ဆိုင်မှာ ရတယ်။ သုံးသောင်းခွဲ ပေးရမယ် ပြောတယ်။ ဒါက တရုတ်ပဲရမယ်။ ယိုးဒယား ပစ္စည်းက မရဘူး။ အပေါစားပေါ့ကွာ” ဟု တောင်ဥက္ကလာမြို့နယ်မှ အနှေးယာဥ်လုပ်သားတစ်ဦးက ပြောသည်။

အဆိုပါ တာယာစျေးနှုန်းများသည် ယခင်က ကျပ် တစ်သောင်းခွဲကျော်သာ ရှိခဲ့ရာမှ ယခုကဲ့သို့ သုံးဆကျော် လေးဆထိ စျေးနှုန်း မြင့်လာခြင်း ဖြစ်သည်။

ထို့ကြောင့် အနှေးယာဥ်လုပ်သားများမှာ အဆင်မပြေဖြစ်လာပြီး တာယာပျက်စီးသွားလျှင်ပင် ဝယ်ယူလဲလှယ်နိုင်ခြင်း မရှိတော့ဟု သိရသည်။

” ဘယ်လို လုပ်ရမလဲ ညီလေးရာ လေးငါးခြောက်သောင်းကြီး မပေးနိုင်ဘူးလေ။ နင်းတာမှ တစ်ခေါက် ထောင့်ငါးရာ လောက်ပဲရတာ။ အဲ့လောက်ကြီး မဝယ်နိုင်သေးဘူး။ စျေးကျတဲ့ အချိန် စောင့်နေတာပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ် စံပြစျေးအနီး လုပ်ကိုင်နေသည့် အနှေးယာဥ်လုပ်သားတစ်ဦးက ဆိုသည်။

ယင်းသို့ ဆိုက်ကား တာယာစျေးများ မြင့်နေရခြင်းမှ နယ်စပ် ကုန်စည်လမ်းကြောင်းများ ပိတ်နေခြင်းကြောင့်ဟု ကုန်သည်များက အကြောင်းပြထားသည်ဟု သိရသည်။

သို့သော် အနှေးယာဥ်လုပ်သားများကမူ လက်ကား ရောင်းသူများက လက်ဝါးကြီးအုပ် အမြတ်ထုတ်ကာ သိုလှောင်ထားသဖြင့် ယင်းသို့ စျေးကြီးနေရခြင်းဟု ယူဆကြသည်။

စာတည်း-ကိုဆန်း