ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအပေါ် ဒေသခံပြည်သူများသာမက ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများပင် တက်ကြွမှုမရှိဘဲ အေးစက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လားရှိုးမြို့ခံများ၏ ပြောကြားအရ ယခု အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီမှလွဲပြီး ကျန်ပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ တက်ကြွမှုမျိုး လုံးဝမရှိတော့ဘဲ “ရလဒ်ကြိုသိနေသည့် ပြဇာတ်” တစ်ခုအဖြစ်သာ ရှုမြင်နေကြသည်။
“ဘယ်ပါတီကို မဲပေးပေး စစ်တပ်က အော်တိုနိုင်ပြီးသားပဲလေ။ အချိန်ကုန်တာပဲ အဖက်တင်တယ်။ မဲပုံး ဘယ်မှာထားမလဲတောင် ဘယ်သူမှ စိတ်မဝင်စားဘူး” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝင်ပြိုင်မည့်ပါတီများဖြစ်သော ကြံ့ခိုင်ရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP – ကျားဖြူ) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့သည်လည်း ယခင်ကဲ့သို့ အိမ်တိုင်ရာရောက် စည်းရုံးခြင်းမျိုး မတွေ့ရဘဲ တာဝန်အရသာ လုပ်ဆောင်နေရသည့် ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။
ထူးခြားသည့်အချက်မှာ စစ်ကော်မရှင်သည် ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသည်ဟု ယူဆရသည့် လားရှိုးမြို့ပြင် ကျေးရွာများအထိ ရွေးကောက်ပွဲအတွက် ကွင်းဆင်းစည်းရုံးနေခြင်း ဖြစ်သည်။
လားရှိုး-မိုင်းရယ်လမ်းရှိ နမ့်ပေါင်၊ လွယ်ငင်း၊ ခါးသျှိကျေးရွာများနှင့် လားရှိုး-သီပေါလမ်းရှိ မယ်ဟန်၊ နောင်မွန် အစရှိသည့် ကျေးရွာများသို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်နှင့် လဝကအဖွဲ့များ သွားရောက်နေကြောင်း သိရသည်။
MNDAA က ၎င်းတို့နယ်မြေအတွင်း ရွေးကောက်ပွဲလုပ်ရန် ခွင့်မပြုကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကော်မရှင် အဖွဲ့များ ဝင်ထွက်သွားလာနေခြင်းအပေါ် ဒေသခံများက ဝေဖန်နေကြသည်။
“ခွင့်မပြုဘူးပြောပြီး ကော်မရှင်တွေ၊ ထွေအုပ်တွေ သွားနေတာပဲ။ ခွင့်မပြုရင် ဘာလို့ ဖမ်းမလဲ၊ မဖမ်းရဲဘဲနဲ့” ဟု နောက်ထပ် မြို့ခံတစ်ဦးက ၎င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။
လားရှိုးမြို့တွင်းရှိ အမျိုးသမီးတစ်ဦးကမူ မဲရုံမည်သည့်နေရာတွင် ထားရှိမည်ကိုပင် သေချာမသိရဘဲ ပါတီများ၏ မဲဆွယ်မှုကိုလည်း လုံးဝမတွေ့ရကြောင်း ဆိုသည်။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မည်ဟုသာ အတင်းအကျပ် ပြောဆိုနေသော်လည်း မြေပြင်တွင် မည်သည့်သတင်းအချက်အလက်မှ ပြည်သူများထံ တိတိကျကျ ရောက်ရှိခြင်း မရှိပေ။
လားရှိုးကို MNDAA ထံမှ ပြန်လည်ရရှိထားသည့် စစ်ကော်မရှင်အတွက် ဤနေရာတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ၎င်းတို့၏ “နယ်မြေစိုးမိုးမှု” နှင့် “တရားဝင်မှု” အတွက် အလွန်အရေးကြီးနေသည်။ သို့သော် မြေပြင်၌ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိခြင်းက စစ်ကောင်စီအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေသည်။
MNDAA ထိန်းချုပ်နယ်မြေများသို့ စစ်ကော်မရှင်အဖွဲ့များ ဝင်ရောက်နေခြင်းမှာ တရုတ်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှု နောက်ကွယ်တွင် နယ်မြေခွဲဝေမှုနှင့် ပတ်သက်၍ အပေးအယူ အရှုပ်အထွေးများ ရှိနေနိုင်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
ဝင်ပြိုင်မည့် ပါတီများ ကိုယ်တိုင် တက်ကြွမှုမရှိခြင်းမှာ ၎င်းတို့သည်လည်း စစ်တပ်၏ လိုအင်အတိုင်း “ရွေးကောက်ပွဲပြဇာတ်” ထဲတွင် ပါဝင်ကပြနေရသည့် နယ်ရုပ်များသာ ဖြစ်နေကြောင်းကို သက်သေပြနေခြင်းဖြစ်သည်။
စာတည်း-ကိုဆန်း
