ဆယ်လီများဖြင့် ရွေးကောက်ပွဲဝါဒဖြန့်မှု ကျောက်မဲတွင် ပြုလုပ်နေသော်လည်း ပြည်သူများ မဲပေးရမည့်ရက်ပင် မေ့လျော့နေ

ဓာတ်ပုံ-လူမှုကွန်ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်က ဆယ်လီများကို အသုံးပြု၍ ပွဲလမ်းသဘင်များဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မြေပြင်ရှိ ဒေသခံပြည်သူအများစုမှာ မဲပေးရမည့်ရက်ကိုပင် မေ့လျော့နေသည်အထိ စိတ်ဝင်စားမှု ကင်းမဲ့နေကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကော်မရှင်၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များကို ခေါ်ဆောင်ကာ ကျောက်မဲနှင့် သီပေါမြို့များသို့ သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း “ရေချိုအေးမြ ပန်းတိုင်ဆီ” အမည်ရှိ ဝါဒဖြန့်ဗီဒီယိုများ ပြသခြင်း၊ MRTV DTH စလောင်းများ ဝေငှခြင်းနှင့် တေးသံရှင်များ၏ ဖျော်ဖြေပွဲများကို ပြုလုပ်ပြီး အခြေအနေများ ပုံမှန်ပြန်ဖြစ်နေပြီဟု ပုံဖော်ကာ လာမည့်ရွေးကောက်ပွဲအတွက် ဝန်းရံပေးရန် လူထုကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းမှုနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် စစ်ကော်မရှင်၏ ပွဲလမ်းသဘင်များအပေါ် လျစ်လျူရှုထားကြကြောင်း တွေ့ရသည်။

“အဆိုတော်တွေ လာဆိုနေတာတော့ တွေ့ပါတယ်။ သွားတဲ့သူတွေလည်း သွားကြပါတယ်။ စားဝတ်နေရေးကလည်း ကျပ်တည်း၊ လုံခြုံရေးကလည်း မစိတ်ချရတော့ အဲဒီလိုပွဲတွေဘာတွေ မသွားဖြစ်တာကြာပြီ။ ကိုယ့်အပူနဲ့ကိုယ် ဘယ်နေ့ မဲထည့်ရမလဲဆိုတာတောင် မေ့နေတာ”ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက MPA သို့ ရှင်းပြသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည့် မြို့ပြပုံရိပ်ကို အနုပညာရှင်များ၏ ဖျော်ဖြေမှုဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တချို့တွင် အဆိုတော်များ၏ ဖျော်ဖြေမှုများ ရှိနေသော်လည်း တစ်ဖက်တွင်မူ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် ပြည်သူများ၏ ဒုက္ခမှာ ယနေ့ထက်တိုင် ပြေလည်သွားခြင်း မရှိသေးပေ။

“အဲဒီပျော်ပွဲရွှင်ပွဲကို ထောင်နဲ့ချီပြီး တက်ရောက်တယ်လို့ကြားတယ်။ ဒါပေမဲ့ အဲဒါက သူတို့ဝန်ထမ်းအဖွဲ့တွေနဲ့ သူတို့လူတွေပဲလေ။ ဒါကို သတင်းစာမှာ တခမ်းတနားဖော်ပြနေတာကျတော့ စဉ်းစားကြည့်ကြပေါ့။ ကျွန်မတို့တော့ စိတ်မဝင်စားပါဘူး။ မဲတွေထည့်ဖို့တော့ အိမ်ကို လာပြောတာတွေတော့ ရှိပါတယ်”ဟု ကျောက်မဲတွင် အွန်လိုင်းစျေးရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအတွက် အင်တိုက်အားတိုက် စည်းရုံးနေသော်လည်း ပြည်သူများက မဲပေးရမည့်ရက်ကိုပင် မှတ်မိခြင်း မရှိတော့သည့် အခြေအနေမှာ အဆိုပါ ရွေးကောက်ပွဲအပေါ် လူထု၏ ယုံကြည်မှုနှင့် တရားဝင်မှုမှာ မြေပြင်တွင် လုံးဝမရှိတော့ကြောင်းကို ထင်ရှားစွာ သက်သေပြနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက MPA ကို ပြောပြသည်။

ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ခံအများစု နေရပ်ပြန်လည်ဝင်ရောက်လာကြသော်လည်း တအာင်း (ပလောင်) လူမျိုးများမှာမူ စစ်ကော်မရှင်၏ ဖမ်းဆီးစစ်ဆေးမှုများကြောင့် လူနည်းစုသာ ပြန်လာနိုင်သေးကြောင်း ရှမ်းပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကော်မရှင်သည် မြို့တွင်း၌ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် တအာင်းတပ်မတော် (TNLA) နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသူများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံတအာင်းလူမျိုးများမှာ နေရပ်ပြန်ရန် စိုးရိမ်ထိတ်လန့်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် လုံခြုံရေးအရ ခြိမ်းခြောက်မှုများကြောင့် မြို့တွင်းအခြေအနေမှာ စစ်ကော်မရှင်က ဆယ်လီများဖြင့် ပုံဖော်နေသည့် တည်ငြိမ်အေးချမ်းမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထောက်ပြထားကြသည်။