လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၃ နှစ်ပြည့်သည့်တိုင် စစ်အုပ်စု အဖက်မလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ သက်တမ်း ၃နှစ်ပြည့်သည့်တိုင် စစ်ခေါင်းဆောင်တို့က လိုက်နာမှု လုံးဝမရှိကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်တွင် လုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ကို ကန့် ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်ထဲ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်၊အာဆီယံသဘောတူ ညီချက်များကို အကောင်အထည်ဖော်ရန်၊ ၊မြန်မာပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေး စားလိုက်နာရန်၊ စာနာမှုအကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန် စသည့် အချက်များ ပါဝင်သည်။

“၂၆၆၉ ဆိုတာ ဒါတွေ၊ဒါတွေ လုပ်ပါလို့ တောင်းဆိုထားတာပါ။မလုပ်ခဲ့ရင် ဘယ်လိုအရေးယူပါမယ် ဆိုတဲ့ နောက်ဆက်တွဲအရေးယူမှုအစီအစဉ်တွေ မရှိတော့ စစ်တပ်က လုံးဝမလိုက်နာရုံတင်မကဘူး။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဆတိုးလုပ်နေတယ်။ဘာပဲဖြစ်ဖြစ် ဒါဟာ ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီကို စိန်ခေါ် အရှက်ခွဲနေတာပဲ”ဟု ရန်ကုန်အခြေစိုက် နိုင် ငံရေးသုံးသပ်သူတစ်ဦးက MPAသို့ပြောသည်။

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ကို ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲ၍ မဲခွဲ အတည်ပြုခဲ့ရာ တရုတ်၊ရုရှားနှင့် အိန္ဒိယတို့က မဲမပေးဘဲကြားနေခဲ့ပြီး ကျန်လုံခြုံရေးကောင်စီ အ ဖွဲ့ဝင် ၁၂နိုင်ငံက ထောက်ခံခြင်းကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်သည် ၇၄နှစ်တာကာလအတွင်း မြန်မာ့အရေးနှင့် ပတ်သက် သည့် ပထမဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

“လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင် တရုတ်နဲ့ရုရှားရှိတယ်။သူတို့က စစ်ခေါင်းဆောင်တွေကို အ ရေးယူမယ့်ကိစ္စမှန်သမျှ၊ တောင်းဆိုတဲ့အဆင့်ထက် ကျော်လာတာမှန်သမျှ ဗီတိုအာဏာနဲ့ ပယ်ချမှာ ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့(ဒီဇင်ဘာ၂၂ရက်)တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး ကျင်းပမည်ဟု လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည်။