ဖက်ခွက်စားသရုပ်ဆောင် နေအောင်၊ ဒိန်းဒေါင်နှင့်အဖွဲ့၏ ဖျော်ဖြေပွဲကို တရားမဝင်မွန်ဝန်ကြီးချုပ်၏ ရွာတွင် ပြုလုပ်နေကြောင်း သိရသည်။
မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ဇာတိ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက် ရွာရှိ အမတနန်းဦးစေတီစိန်ဖူးတော်နှင့် ဌက်မြတ်နားတော်တင်လှူပွဲ အကြောင်းပြချက်ဖြင့် ဒီဇင်ဘာ ၂၀ရက်မှ ၂၂ရက်အထိ နေအောင်၊ဒိန်းဒေါင်၊ ငြိမ်းချမ်းနှင့် အုန်းသီးတို့၏ ဖျော်ဖြေပွဲများ ပြုလုပ်နေ ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ဇာတ်ပွဲသွင်းတယ်။အဲပွဲမှာ နေအောင်တို့ ဒိန်းဒေါင်တို့က သီချင်းဆို၊ဟာသလုပ်ပေါ့။ နေအောင်တို့ ဌားရမ်းစရိတ်ကိုတော့ လောင်းကစားဒိုင်တွေက တာဝန်ယူပေးတယ်။ရွေးကောက်ပွဲနားနီးမှာ ဝန်ကြီး ချုပ် ဝင်ပြိုင်မယ့်မဲဆန္ဒနယ်မှာ ပရိုမိုးရှင်းလုပ်တာပေါ့”ဟု ၎င်းက MPAသို့ပြောသည်။
အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌဖြစ်ပြီး ၂၀၂၅ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ်မှ ကြံ့ဖွံ့အမတ်လောင်းအဖြစ် ဝင်ပြိုင်မည် ဖြစ်သည်။
“အဲဒီသရုပ်ဆောင်တွေ ဖျော်ဖြေတာကို မော်လမြိုင်တို့ဘာတို့မှာလည်း မလုပ်ဘူး။ အောင်ကြည်သိန်း ရွေးကောက်ပွဲဝင်မယ့် ချောင်းဆုံမှာပဲ အခုရွေးကောက်ပွဲနီးမှ လာလုပ်တာလေ”ဟု ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ၁၉ရက်ကလည်း ချောင်းဆုံမြို့နယ်၊ကရင်ဝင်းစိန်ရွာတွင် ပြည်နယ်အဆင့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားပြုလုပ်ခဲ့ပြီး ညဘက်၌ ဖက်ခွက်စားသရုပ်ဆောင်တို့၏ ဖျော်ဖြေပွဲ ပြုလုပ် ခဲ့သေးသည်။
