မကွေးတိုင်း ၊ မြိုင်မြို့နယ် မြောက်ပိုင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက် ၁၀ နာရီ ၃၉ မိနစ်ခန့်တွင် မကွေးလေတပ်တက် ဂျက်ဖိုက်တာတစ် စင်းဖြင့် မြိုင်မြို့နယ် မြောက်ပိုင်းရှိ ရွာသစ်ကုန်းကျေးရွာအစပ်သို့ စစ်တပ်ကြဲချသည့် ဗုံးကျရောက်ခဲ့ ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး တင်ပါး ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ထံက သိရသည်။
“ရွာအစပ်မှာပဲကျတာပါ။ ပေါင်ဗုံးနှစ်လုံးလို့ပြောတယ်ဗျ။ 300lb(ပေါင် ၃၀၀)တွေ ဖြစ်လိမ့်မယ်ဗျ။ ဗုံးခိုကျင်းတွေက အိမ်တိုင်းရှိကြပါတယ်။ ခုတစ်ယောက်က ကျင်းထဲမရောက်ခင် ထိသွားတာပါ။ ထိခိုက်တဲ့ အပိုင်းက တင်ပါး။ အရမ်းမစိုးရိမ်ရပါဘူး။ ဒေသခံတွေကတော့ တခြားရွာတွေ၊ တောတိုက် တွေထဲ ရှောင်ကြတယ်ဗျ “ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ ဆရာထွေးက MPA သို့ပြောသည်။
ယခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရွာသစ်ကုန်းကျေးရွာမှ နေအိမ် ၂ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီကျော်ကလည်း မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာကို ဂျိုင်ရိုကော်ပတာ ၂ စင်းဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အဘိုးအဘွား ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ရွာသစ်ကုန်းကျေးရွာသည် မြိုင်မြို့နှင့် ၆ မိုင်ကျော်ဝေးသည်။
