ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီး ဖမ်းဆီးရမိသော ဒရုန်းများသည် မြန်မာစစ်တပ်ကို ပေးပို့ရန်ဟူသော သတင်းများသည် ဂျင်းသတင်းများသာဖြစ်ကြောင်း စစ်တပ်လော်ဘီများက သတင်းအတု ဖြန့်နေကြသည်။
စစ်တပ်လော်ဘီ “မှိုင်းဝေ” နှင့် “ကိုနှင်းမောင်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၂၃ရက် ညနေ ၅နာရီ ကျော်တွင် ဖမ်းဆီးရမိသော ဒရုန်းများအား စစ်တပ်ပိုင် ဒရုန်းများဟူ၍ ဂျင်းထည့်နေကြကြောင်း ရေးသားဖြန့် ဝေထားသည်။
သတင်းအတုလင့်ခ်များ
မှိုင်းဝေ – https://archive.ph/q7NHQ
ကိုနှင်းမောင် – https://archive.ph/8M6nl
ထို့အပြင် “နေပြည်တော်” နှင့် “ဘညွှန်”အမည်ရှိ စစ်တပ်လော်ဘီတယ်လီဂရန်ချန်နယ်တို့က ဒီဇင်ဘာ ၂၃ရက် ညနေ ၅နာရီကျော်တွင် NUG လော်ဘီများကို ဒရုန်းဖမ်းဆီးခံရမှုအကြောင်း ပြောဆိုနေကြကြောင်း၊ စစ်တပ်တွင် ဒရုန်းစက်ရုံမရှိကြောင်း၊ တရုတ်၊ ရုရှားတို့နှင့် အဆက်အသွယ်ပြတ်နေကြောင်း၊ KNDF, KNU, PDF များအ တွက် ဒရုန်းမှောင်ခိုလမ်းကြောင်း ပိတ်သွားပြီဖြစ်ကြောင်း မီဒီယာများက ရေးထားသောသတင်း Screenshot များနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအတုဖြန့်ဝေထားသော လင့်ခ်များ
နေပြည်တော် – https://archive.ph/65NPB
ဘညွှန့် – https://archive.ph/9U3Nk
စစ်တပ်လော်ဘီများက ထိုင်းတွင် ဖမ်းမိသော ဒရုန်းများသည် စစ်တပ်နှင့် သက်ဆိုင်မှုမရှိကြောင်း ဖြန့်ဝေနေ သဖြင့် အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
ဒရုန်းဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အတိအကျသိရှိနိုင်ရန် Google တွင် “ထိုင်းလေဆိပ်အနီး ဒရုန်းများ ဖမ်းဆီး ရမိ” ဟု ရေးသားရှာဖွေရာ Irrawaddy, Myanmar Now, Mizzima, Dawei Watch, သံလွင်ခက် စသော သတင်းမီဒီယာများစွာက သတင်းရေးသားထားကြသည်။
သတင်းမီဒီယာများတွင် စစ်တပ်အတွက် ဒရုန်းသယ်ဆောင်သူ မြန်မာနိုင်ငံသားလေးဦး ဖမ်းဆီးခံရကြောင်း၊ တရုတ်နိုင်ငံလုပ် ဒရုန်း ၁၀စင်းအား မြန်မာလေးဦးတည်းခိုသော ဟိုတယ်အခန်းထဲတွင် သိမ်းဆည်းရကြောင်း၊ ၎င်းတို့ လေးဦးက မြန်မာနိုင်ငံရှိ Kevin Zo အမည်ရှိ သူဌေးထံ ယူဆောင်လာရန် ခိုင်းစေခံရကြောင်း၊ ထိုသူဌေးက မြန်မာစစ်တပ်သို့ ရောင်းချမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုသည်ဟု သတင်းရေးသားထားကြသည်။
ထို့အပြင် ဒရုန်းများ ဖမ်းဆီးခံရမှု၏ နောက်ဆက်တွဲအနေဖြင့် ဒရုန်းအစင်းပေါင်း ၂၅၀၀ကျော် ထပ်မံသိမ်း ဆည်းရမိထားကြောင်း သတင်းဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
Irrawaddy – https://bitly.cx/0OqUH
Myanmar Now – https://bitly.cx/BfqPf
Dawei Watch – https://bitly.cx/D8ifg
Mizzima – https://bitly.cx/vvP8z
သံလွင်ခက် – https://bitly.cx/pAK6
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ထိုင်းလေဆိပ်အနီး ဖမ်းဆီးရမိသော ဒရုန်များနှင့် နောက်ဆက်တွဲ ထပ်မံသိမ်းဆည်း ရမိသော ဒရုန်းများကို မြန်မာစစ်တပ်ထံ ရောင်းချမည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသူများက ထွက်ဆိုကြ ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော သတင်းအကြောင်းအရာကို အချက်အလက်စစ်ဆေးကြည့် ရာတွင် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေနေကြခြင်းဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် ဒီဇင်ဘာ ၂၃ရက် ညနေ ၇နာရီအထိ ရရှိထားသော အချက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
