စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်ကြဲချသည့် ဗုံးသီးထိမှန်ကာ အိမ်ထဲတွင်ရှိနေသည့် အဘွား ၂ ဦး အပါအဝင် ပြည်သူ၃ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာ ၂၃ရက်)၊ ညနေ ၄နာရီ ၂၁မိနစ်ခန့်တွင် တံတားဦးတက် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို ပေါင် ၂၀၀ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေါ်သန်းမြ(အသက် ၈၀) ၊ဒေါ်ကျင် (၇၅နှစ်)နှင့် ကိုမင်းသန်း(၂၅နှစ်)တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Wetlet Informational Network ကသတင်းထုတ်ပြန်သည်။
” ပစ်သွားတာက ဘုရားဝင်းနားကို ကပ်ပစ်တာဗျ။ ဘုရားရဲ့ လှေကားထစ်တွေဘာတွေရှိတယ်ဗျာ။ သေသွားတဲ့ ၂ဦးက အိမ်ထဲမှာနေတာကိုမှ မှန်တာဗျ။ အသက် ၈၀အရွယ် အဘွားနှစ်ဦးရယ်။ နောက်ထပ် လူငယ်တစ်ဦးကတော့ ဘုရားဝင်းထဲမှာ မှန်တာလို့ သိရတယ်ဗျ။ လူစုလူဝေးရှိတာ မဟုတ်ဘူးဗျ။ အိမ်ထဲမှာနေတဲ့သူတွေ ဒီသက်ကြီးရွယ်အိုတွေပေါ့။ ဖိုက်တာလာတော့ကျတော့ တချို့ကျလည်း ဝင်ပုန်းရတာပေါ့ဗျာ။ အဲ့လိုမျိုးနေရာကို ကျသွားတယ်လို့သိရတယ်” ဟု Wetlet Informational Network တာဝန်ခံက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေ ထပ်တိုးနေသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းကပြောသည်။
” လက်ရှိမှန်တဲ့သူတွေအပြင် နောက်ထပ် ခုမှ ဒေသခံတွေရဲ့ ထပ်ပြီးတော့သတင်းပို့ချက်တွေရ နောက်ထပ် သေဆုံး နောက်ထပ် ၄၊ ၅ဦးလောက် ထပ်တိုးတယ်လို့ သိရတယ်ဗျာ။ ဒါပေမဲ့ နောက်ထပ်သေဆုံးအရေအတွက်ကိုက ကျနော်တို့ အတိအကျမသိရသေးဘူးဗျ။ ထပ်တိုးတွေတော့ သေချာပေါက်ရှိတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားဝင်း၊ နေအိမ် ၄လုံးနှင့် ကား ၄စီးပျက်စီးခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်ကလည်း ဝက်လက်မြို့နယ်၊ ဆည်တောရွာကို ဂျက်ဖိုက်တာဖြင့် စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို ၂ဦးအပါအဝင် ၅ဦးသေဆုံးခဲ့သေးသည်။
