မဲရုံ စေတနာဝန်ထမ်းအတွက် ဘွဲ့ရစာရင်းကောက်သည်ဆိုသော အကြောင်းပြချက်မှာ မယုံရဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်မြို့ရှိ မဲရုံများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးရန် ဘွဲ့ရရှိသူများစာရင်း လိုက်ကောက်နေသည်ဆိုသော အကြောင်းပြချက်မှာ မယုံရကြောင်း Rangoon Scout Network က ဆိုသည်။

ဒီဇင်ဘာ၂၁ရက်မှစတင်ကာ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ အရှေ့ဒဂုံ ၁၁၀ရပ်ကွက်၊ ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်၊ ပု စွန်တောင်၊ မင်္ဂလာတောင်ညွန့် ကန်တော်လေးဘက်၊ တောင်ဒဂုံ၊ လှိုင်သာယာနှင့် တောင်ဥက္ကလာတို့ တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဘွဲ့ရများစာရင်းပေးရန် အော်လံ ဖြင့် လိုက်အော်နေပြီး စာရင်း ကောက်သူအချို့က မဲရုံ စေတနာ့ဝန်ထမ်းအတွက်ဟု ဆိုကြောင်း Rangoon Scout Network – RSNမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဗော်လံတီယာလည်း လုပ်ခိုင်းရင်း တစ်ခါတည်း စစ်မှုထမ်းအတွက်ပါ စာရင်းမှတ်တာမျိုးလည်း လုပ် သွားလောက်ပါသေးတယ်ဗျ”ဟု RSN တာဝန်ရှိသူက MPA သို့ပြောသည်။

ရန်ကုန် မြို့နယ်အချို့တွင် ဆရာဝန်၊အင်ဂျင်နီယာ၊ ဥပဒေ၊ရေကြောင်း ၊သူနာပြု၊ ပညာရေး စသည့် ဘွဲ့ရစာရင်းများ လိုက်ကောက်သည်ဟု သိရပြီး ဘွဲ့စာရင်းအတိအကျကိုမူ အတည်မပြုနိုင်သေး ကြောင်းနှင့်၂၀၁၅ခုနှစ်မှ ၂၀၂၅ခုနှစ်ကြား ဘွဲ့ရသူများကို အဓိကကောက်သည်ဟုလည်း ကြား ကြောင်း ၎င်းကဆိုသည်။

“လူတွေကတော့ စစ်မှုထမ်းအတွက် ကောက်တာဖြစ်မယ်လို့ ယူဆပြီး စိုးရိမ်နေကြပါတယ်ဗျ။ စိုးရိမ် စရာလည်း ကောင်းပါတယ်။မဲရုံ ဗော်လံတီယာလုပ်ဖို့အတွက်နဲ့တော့ ခုလောက်ထိ စာရင်းကောက်စ ရာ မလိုဘူး ထင်ပါတယ်ဗျ”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

တောင်ဥက္ကလာပ၊၇ဆူဘုရားအနီးနေ အသက်၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက မည်သို့သော အကြောင့်ကြောင့် ဘွဲ့ရစာရင်းကောက်သည်ကို မပြောသဖြင့် စာရင်းမပေးကြောင်း ဆိုသည်။

“အုပ်ကြီးရုံးက စာရေးကို ကပ်မေးကြည့်တော့ ထွေအုပ်ရုံးက ကောက်ခိုင်းတာ ဘာ့ကြောင့်လဲမသိဘူး လို့ ပြောတယ်။ စစ်မှုထမ်းအတွက်များလားလို့ စိုးရိမ်တာနဲ့ စာရင်းမပေးလိုက်ဘူး”ဟု ၎င်းက ပြောသည်။

အိမ်နားအထိ စာရင်းလာကောက်သဖြင့် စာရင်းပေးသူအချို့ရှိသော်လည်း တကူးတက စာရင်း သွားပေးသူ ရှိသည်ဟု မကြားမိကြောင်း RSN တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်မြို့တွင် ယခင်က ဘွဲ့ရရှိသူများစာရင်း လိုက်ကောက်ခြင်းမျိုး မရှိခဲ့ပေ။

အဓမ္မစစ်မှုထမ်းဥပဒေတွင် ဆရာဝန်၊အင်ဂျင်နီယာ၊စက်မှုလက်မှုတတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူ အသက်၄၅နှစ်အောက် အမျိုးသားများနှင့် အသက်၃၅နှစ်အောက် အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသည်။