ကမ္ဘောဒီးယားက နေရာပေါင်း ၉၈ ခုသို့ BM-21 ရော့ကက်ဒုံးကျည် ၇၀၀ နီးပါးဖြင့် ပစ်ခတ်ကြောင်း ထိုင်းစစ်တပ်ထုတ်ပြန်

ထိုင်းစစ်တပ်၏ ဒုတိယတပ်နယ်(Second Army Area) သည် အရှေ့မြောက်ပိုင်းဒေသရှိ လူနေရပ်ကွက်များ၊ နေအိမ်များ၊ ဘုရားကျောင်းကန်များနှင့် စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ကျရောက်ခဲ့သည့် BM-21 အချက်ပေါင်းများစွာပစ် ရော့ကက်ဒုံးကျည်များကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြသသည့် ဓာတ်ပုံများကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရပ်သားများ နေထိုင်ရာဒေသများအတွင်း ရော့ကက်ကျည်များ ပျံ့နှံ့ကျရောက်ခဲ့ခြင်းသည် အဆိုပါတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်ကို ကောင်းမွန်စွာ ခွဲခြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သလို၊ အရပ်သားများကို အကာအကွယ်ပေးရန် လုံလောက်သော အစီအမံများ ကင်းမဲ့နေကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ထိုင်းစစ်တပ်က စွပ်စွဲထားထားသည်။

ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ပြည်နယ်လေးခုရှိ နေရာပေါင်း ၉၈ ခုတွင် BM-21 ရော့ကက်ကျည်ပေါင်း ၆၉၅ စင်း ကျရောက်ခဲ့ပြီး အဆောက်အအုံ ၈၁ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း ထိုင်းနိုင်ငံမှ T-50TH တိုက်လေယာဉ်တစ်စင်းသည် ယနေ့နံနက်ပိုင်းက ဘာနန် ခရိုင်အတွင်းသို့ ဗုံးလေးလုံး ကြဲချခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင်လည်း အဆိုပါခရိုင်အတွင်းရှိ အရပ်သားများနေထိုင်ရာ ဒေသများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားသည်။

အချို့သော ရှေ့တန်းစစ်မျက်နှာများတွင် အခြေအနေမှာ တည်ငြိမ်နေသော်လည်း ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်မြေအချို့အပေါ် ကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်းစစ်တပ်၏ ကျူးကျော်ဝင်ရောက်မှုများကြောင့် ဒီဇင်ဘာလ ၂၄ ရက်မှစတင်၍ ခရိုင်အတွင်းရှိ ပညာရေးအဖွဲ့အစည်းအားလုံးကို နောက်ထပ်ညွှန်ကြားချက် မရမချင်း ယာယီပိတ်ထားရန် ကျောင်းစီမံခန့်ခွဲမှု ကော်မတီများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသားများအား ကမ္ဘောဒီးယားအစိုးရက ယနေ့မွန်းလွဲပိုင်းတွင် အသိပေးထားသည်။