UFC ချန်ပီယံ ဂျော့ရှုဝါဗန်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာ သန်း ၁၀၀ ဂုဏ်ပြုဆုချီးမြှင့် ဆိုသည့် အကြောင်းအရာ ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လျက်ရှိသည်။
AR Studio ဖေ့စ်ဘွတ်ခ် အကောင့်က ၂၀၂၅ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၂ နာရီ ၂၄ မိနစ်တွင် UFC ချန်ပီယံ ဂျော့ရှုဝါဗန်ကို အမေရိကန်သမ္မတ ထရမ့်ကိုယ်တိုင် ဒေါ်လာ သန်း ၁၀၀ တန် အထူးအကောင်းဆုံးဆုကြီးကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့ပြီး ကြည့်ရန် ဟု ဆိုကာ Youtube channel လင့်ခ်တစ်ခုကိုပါ ပူးတွဲ တင်ပြထားသည်။
မူရင်းသတင်းအတုလင့်ခ် >>> https://archive.ph/bMRgc
ပူးတွဲပြထားသော Youtube channel လင့်ခ်ကို ဝင်ကြည့်သည့်အခါ Burmese Cele ဆိုသည့် ချန်နယ်က UFC အကောင်းဆုံးပွဲအဖြစ် ကစားသမား ဂျော့ရှုဝါဗန်ကို သမ္မတထရမ့်ကိုယ်တိုင် ဒေါ်လာ သန်း ၁၀၀ ဆုချီးမြှင့်ကြောင်း ပြောကြားထားပြီး ကြည့်ရှုသူ ၂,၀၀၀ ကျော် ရှိသည်။
ကြည့်ရှုရန် >>> https://archive.ph/16a5B
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်သည့်အခါ ဂျော့ရှုဝါဗန် ၏ အင်စတာဂရမ် စာမျက်နှာတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် ပုံစံခြင်း အနည်းငယ်ဆင်တူနေသည်။
ဂျော့ရှုဝါဗန်၏ အင်စတာဂရမ်အကောင့်တွင် အင်ဒီယားနားပြည်နယ်က ဂုဏ်ပြုပွဲပြုလုပ်ပေးသည့် ဓာတ်ပုံများ ကို ဖော်ပြထားသည်။ အဆိုပါ ပုံများတွင် အင်ဒီယားနားပြည်နယ် အတွင်းရေးမှူးက ဂျော့ရှုဝါဗန်အား ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေသော ဓာတ်ပုံလည်း ပါဝင်နေသည်။
ကြည့်ရှုရန် >>> https://bitly.cx/3OteT
Google တွင် “ ဂျော့ရှုဝါဗန် ဂုဏ်ထူးဆောင် ဆုရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Cage Fight” youtube channel တွင် ဖော်ပြထားသည်။
Cage Fight တွင် ဂျော့ရှုဝါဗန်ကို အင်ဒီယားနားပြည်နယ်ရှိ ချင်းလူမျိုးများက ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပြီး ၊ ပြည် နယ်အတွင်းရေးမှူးကိုယ်တိုင်က ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ပြီး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့ကြောင်း ဖော်ပြထား သည်။
ကြည့်ရှုရန် >>> https://bitly.cx/zzvmz
ဖြန့်ဝေထားသော ဓာတ်ပုံထဲတွင် ထရန့်နှင့် ဂျော့ရှုဝါဗန်တို့သည် ပခုံးယှဉ်တွဲရိုက်ကူးထားပြီး အရပ်အမြင့် တူညီနေလျက်ရှိသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် အရပ်အမြင့် ၆ ပေ ၃ လက်မ ရှိသူဖြစ်ပြီး ဂျော့ရှုဝါဗန်သည် အရပ် ၅ ပေ ၅လက်မသာ ရှိသည်။ ထိုသို့ အရပ် မတူညီသူ နှစ်ဦး ပခုံးချင်းယှဉ်၍ ရိုက်ကူးထားသော ဓာတ်ပုံသည် AI ဖြင့် ပြုပြင် ဖန်တီးထားခြင်းဖြစ်သည်၊။
သုံးသပ်ချက်
ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို စစ်ဆေးကြည့်ခဲ့ရာ ပြန်လည်ပြုပြင်ထားသော ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဓာတ်ပုံအမှန်မှာ ဂျော့ရှုဝါဗန်အား အင်ဒီယားနားပြည်နယ် အတွင်းရေးမှူးက ဂုဏ်ပြုလက်မှတ် ချီးမြှင့်နေသော ပုံဖြစ်သည်။
အင်ဒီယားနားပြည်နယ် အတွင်းရေးမှူး နေရာတွင် သမ္မတထရန့်ပုံကို ပြင်ဆင်ထည့်သွင်းထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ထရန့်နှင့် ဂျော့ရှုဝါဗန်တို့ ရိုက်ကူးထားသော ဓာတ်ပုံသည် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီး သတင်းအတု ဖန်တီး၍ ဖြန့်ဝေနေခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
