မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ရိက္ခာပို့စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဝင် ၈ ဦးသေဆုံးကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က ပေါက်မြို့နယ်၊ ဇီးပြားပျူရွာနှင့် တရော်ကိုင်းပျူရွာအနီးသို့ ရောက်နေသည့် ရိက္ခာပို့စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
” လက်နက်ကြီး ၈ လုံးပစ်တယ်။ ၃လုံးက သူတို့အတွင်းထဲကိုကျတာ။ မတက်ရဲဘူး။ အော်ငိုနေ ကြတာ။ စစ်ကြောင်းက ဇီးပြားနဲ့ တရော်ကိုင်းရွာထဲကိုဝင်တာ။ အင်အားက ၄၈ ယောက်လောက် ပဲရှိမယ်။ ခုသူတို့ရောက်တဲ့အချိန်နဲ့ ချိန်ပစ်တာ။ အုပ်စုဖွဲ့တဲ့အချိန်” ဟု မြိုင်ပကဖတာဝန်ခံ ကိုလက်ျာက MPA သို့ပြောသည်။
သေဆုံးသွားသည့် အလောင်းများကို သင်္ချိုင်းသို့ သွားမမြှုပ်ရဲသဖြင့် ရွာနား၌သာ ဖြစ်သလို မြှုပ်နှံကြောင်းသိရသည်။
” သူတို့က သင်္ချိုင်းကို မြေလာမြှုပ်ရအောင်လို့ဟာ သင်္ချိုင်းမှာ မမြှုပ်ရဲဘူး။ သင်္ချိုင်းမှာ မိုင်းထားတယ်လို့ သူတို့အချင်းချင်းပြောပြီး အကုန်းလုံး ဘေးတွေမှာ တူးပြီးမြှုပ်နေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို စစ်တပ်ဘက်က လက်နက်ကြီး အလုံး ၃၀ကျော်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပကဖရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရခြင်းကို အတွင်းသတင်းပေးများထံမှ သိရသည်ဟု ဆိုပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ယင်းစစ်ကြောင်းတွင် စစ်သားနှင့်ပျူစောထီး စုစုပေါင်း ၂၀၀ ကျော် ပါလာပြီး ဒီဇင်ဘာ ၉ ရက်ကတည်းက ပေါက် ကပစ ၂၄ မှ ထွက်လာခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ၂၃ ဦးထက်မနည်းသေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲများတွင် မြိုင်ပကဖမှ ရဲဘော်တစ်ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းစစ်ကြောင်းသည် ကျွန်းတိုင်း၊ ဂွေးဂုံ၊ စသိန်း၊ ဂဲပင်အင်း၊ ညောင်ရင်းနှင့် ဓာတ်တော်ကျေးရွာတို့မှ စားနပ်ရိက္ခာများကို ကားနှင့် လှည်းတို့ဖြင့် ယူဆောင်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
