နွေဦးတော်လှန်ရေးရဲဘော်များ အသက်ဘေးကင်းကာ မိသားစုနှင့် အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါ စေကြောင်း NUGယာယီသမ္မတ ဒူဝါလရှီးလက ခရစ္စမတ်ဆုတောင်းမေတ္တာပေးပို့လိုက်သည်။
ယနေ့(ဒီဇင်ဘာ၂၅ရက်)ခရစ္စမတ်နေ့တွင် NUG ယာယီသမ္မတဒူဝါလရှီးလက ခရစ္စမတ်ဆုတောင်း စကားပြောကြားရာ၌ အထက်ပါအတိုင်း မေတ္တာပေးပို့ခဲ့သလို နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း နှင့် အတိပြီးသော တရားမျှတခြင်း၌ ရှင်သန်နိုင်ခွင့်ရကြပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ကြစေရန်လည်း ဆုတောင်းသည်။
“ခရစ်စမတ်ကာလမှာ ရှေ့တန်းစစ်မျက်နှာပြင်မှာ အေးစက်လွန်းတဲ့ ဆောင်းရဲ့ဒဏ်ကို အံတုပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ခုခံကြတဲ့ တိုက်ပွဲဝင် PDF ရဲဘော်များ ၊ တိုင်းရင်းသားတော်လှန် ရေး အဖွဲ့အစည်းအသီးသီးမှ ရဲဘော်များကို သတိရလျက်ရှိကြောင်းလည်း ပြောလိုပါတယ်”ဟု ယာ ယီသမ္မတ ကဆိုသည်။
စစ်အာဏာရှင်များကြောင့် ပြည်တွင်းစစ်ထဲ နွံနစ်နေသည့် မြန်မာနိုင်ငံတွင် ခရစ်စမတ်နေ့သည် ပျော်ကြ ၊ မြူးကြသည့် ပျော်ရွှင်ပွဲနေ့မဟုတ် ကြောင်း ခရစ်စမတ်နေ့သည် မျှော်လင့်ချက်များကို ယူဆောင်ပေးသည့်နေ့ ၊ ငြိမ်းချမ်းမှုနှင့် လွတ်လပ်မှုကို သယ်ဆောင်လာပေးသည့်နေ့ ၊ မျှော်လင့်ခြင်း များကို ဖော်ဆောင်လာပေးသည့်နေ့ ၊ ခံနိုင်ရည်ရှိခြင်းများကို ခေါ်ဆောင်လာပေးသည့်နေ့ တစ်နေ့ အဖြစ် ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်ချက်များကို ပိုမို ဖော်ဆောင်စေပါကြောင်းလည်း ဆိုသည်။
“ကျနော်တို့ နိုင်ငံတွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် မိသားစုဝင်တွေဟာ ရှင်ကွဲကွဲကြရသလို သေ ကွဲကွဲကြသူလည်း အမြောက်အမြားရှိပါတယ်။ မျှော်လင့်ခြင်းတွေ ပျောက်ဆုံးပြီး ဘဝအ ခြေအနေမဲ့ သူတွေလည်း သန်းနဲ့ချီရှိလာနေပြီဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီး သတ်ဖြတ် မှုတွေကို ခံစားကြရင်း အနာဂတ်မေ့နေတဲ့ လူတွေလည်း အမြောက်အမြားရှိနေပါတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ကျရောက်သော ခရစ်စမတ်နေ့တွင် တိုင်းရင်းသားပြည်သူအားလုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ပြီး မျှော်လင့်ခြင်းအပြည့်နှင့် ငြိမ်းချမ်းခြင်းကို အပြည့်အဝဆုံးခံစားနိုင်ပါစေကြောင်းလည်း ဆိုသည်။
