သုံးဘက်မြင် တိုက်ပွဲဝင်နိုင်စွမ်းရှိသည့် အဆင့်မြင့်ရေတပ်ကြီး ဖြစ်နေပြီဆိုပြီး မင်းအောင်လှိုင် ကြွားလုံးထုတ်

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်၏ ရေတပ်သည် ကမ္ဘာ့အဆင့်မီ တိုးတက်နေပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၂၄ရက်)က တပ်မတော်ရေ၏ ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ကြွားလုံးထုတ်ပြောကြားခဲ့သည်။

အခမ်းအနားတွင် စစ်ခေါင်းဆောင်က ၎င်းတို့၏ ရေတပ်သည် ယခုအခါ ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင်တည်ဆောက်နိုင်ရုံသာမက ရေငုပ်သင်္ဘောများကိုပါ ပိုင်ဆိုင်လာပြီဖြစ်သဖြင့် “ရေပြင်၊ ရေအောက်၊ ဝေဟင် နှင့် အီလက်ထရောနစ် စစ်ဆင်ရေးနယ်ပယ် ၄ ရပ်စလုံးတွင် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ်” ဖြစ်နေပြီဟု ဆိုသည်။

ထို့ပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါး တားဆီးရေးကဏ္ဍများကို ပိုမိုထိရောက်စွာ လုပ်ဆောင်မည်ဟုလည်း လေလုံးထွားခဲ့သည်။

“မြေပြင် ရှုံးပွဲတွေကို လေသံနဲ့ ဖုံးကွယ်တာပါ၊ စစ်တပ်က နယ်မြေ အမြောက်အမြား လက်လွှတ်နေရတယ်။ စစ်ကြောင်းလိုက် အလံဖြူထောင်နေရတဲ့ အခြေအနေမှာ ရေတပ်ရဲ့ ခေတ်မီ Platform တွေကို ကြွားပြနေတာဟာ စစ်တပ်အတွင်း စိတ်ဓာတ်ကျဆင်းနေမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့ ဟန်ပြလုပ်ရပ် သက်သက်ပဲ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ရေတပ်ကို မှောင်ခိုလုပ်ငန်းများ တားဆီးမည့် စစ်ရေများတွင် အသုံးပြုမည်ဟု ဆိုထားသော်လည်း စစ်ကော်မရှင် ကိုယ်တိုင်က နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရေကြောင်းဖြင့် မှောင်ခိုလမ်းများကို အသုံးပြုနေရကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

နိုင်ငံရေးလေ့လာသူ တစ်ဦးကမူ “စစ်ခေါင်းဆောင်က တိုက်ပွဲဝင်အသင့်လို့ ဆိုပေမဲ့ လက်တွေ့မှာတော့ ရေတပ်သင်္ဘောတွေဟာ မြစ်ကြောင်းတစ်လျှောက်က အရပ်သားကျေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်ဖို့ရယ်၊ ကုန်းလမ်းက သွားလို့မရတဲ့ စစ်သားတွေအတွက် ရိက္ခာပို့ပေးဖို့လောက်ပဲ အသုံးကျနေတာ။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း ရေတပ်က မြစ်ထဲကနေ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေမှာပဲ ပါဝင်နေတာတွေ့ရတယ်” ဟု ဆိုသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းကဲ့သို့သော ဗျူဟာမြောက်နေရာများတွင် ရေတပ်သည် နယ်မြေစိုးမိုးမှု လုံးဝဆုံးရှုံးနေပြီး အာရက္ခတပ်တော် (AA) ကဲ့သို့သော အဖွဲ့များကိုပင် မယှဉ်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

“မင်းအောင်လှိုင်က ရေငုပ်သင်္ဘောရှိတယ်လို့ ကြွားနေပေမဲ့ ရခိုင်မှာ ရေတပ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်လို့ ဆုတ်ခွာနေရတာတွေ၊ နယ်မြေစိုးမိုးမှု ဆုံးရှုံးနေတာတွေကိုတော့ သူက ထည့်မပြောသွားဘူး။ မြေပြင်မှာ စစ်သားတွေက စစ်ကြောင်းလိုက် အလံဖြူထောင်နေရချိန်မှာ ဒီလိုကြွားနေတာက လူရယ်စရာကြီးပါ ” ဟု စစ်ရေးလေ့လာသူက ပြောသည်။

“သူတို့ရဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူကို ဒုက္ခပေးဖို့ပါပဲ။ အခု ဗန်းမော်ဘက်မှာ ရေတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်လို့ ပြည်သူတွေ သေဆုံးနေရတာ သက်သေပဲ။ ဒီနေ့ ကြွားလုံးတွေက စစ်တပ်ရဲ့ နိဂုံးပိုင်းကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လေသံပစ်မှုတွေပဲ ဖြစ်ပါတယ် ” ဟု နိုင်ငံရေး လေ့လာသူက ဆက်လက်ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရေတပ်နှစ်ပတ်လည် မိန့်ခွန်းသည် လက်ရှိ မြေပြင်တွင် အဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်တပ်၏ ပုံရိပ်ကို အဆင့်မြင့်လက်နက်များဖြင့် အဖတ်ဆယ်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူ့ဆန္ဒမပါဝင်ဘဲ အရပ်သားများကိုသာ ပစ်မှတ်ထားနေသည့် စစ်တပ်တစ်ခုအနေဖြင့် မည်မျှပင် ခေတ်မီလက်နက်များ ရှိစေကာမူ ကျရှုံးခြင်းဆီသို့သာ ဦးတည်နေပြီဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက တညီတညွတ်တည်း သုံးသပ်ကြသည်။