ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်များ အပစ်အခတ်ပြန်လည်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်

ဓာတ်ပုံ - AFP
ပုံစာ - ထိုင်း၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဥဒ္ဒရမိချေပြည်နယ်နှင့် စီယမ်ရိပြည်နယ်တို့အကြား ပျက်စီးသွားသော တံတားတစ်စင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာသည့် ၁၆ ရက်သို့ ရောက်ရှိလာချိန်တွင် နှစ်ဘက်သေဆုံးသူ ၈၆ ဦးခန်ရှိလာပြီး ယခုအခါ အပစ်အခတ်ရပ်စဲရေး ပြန်လည်အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်ခဲ့ကြောင်း နှစ်နိုင်ငံလုံးက ထုတ်ပြန်ခဲ့ကြသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပခဲ့ပြီး နှစ်ရက်အကြာတွင် ယခုဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် အထွေထွေနယ်စပ်ကော်မတီ (General Border Committee) အစည်းအဝေးသည် သုံးရက်ကြာ မြှင့်တင်မည်ဖြစ်ပြီး သဘောတူညီချက်တစ်ရပ် ရရှိရန် လမ်းခင်းပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စူရာဆန့်ခွန်စီရီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲများကို ၈၁၇ ကီလိုမီတာ ရှည်လျားသော နယ်စပ်မျဉ်း၏ တောင်ဘက်အစွန်ရှိ ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“အတွင်းရေးမှူးရုံး အစည်းအဝေးက အဆင်ပြေချောမွေ့ပြီး သဘောတူညီချက်တစ်ခု ရရှိခဲ့မယ်ဆိုရင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်” ဟု ရေတပ်ဗိုလ်ချုပ်ကြီး စူရာဆန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများကို နှစ်ဖက်စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်ကြီးများက ဦးဆောင်ပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ် တွင် စတင်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီဆိုချီတာ က ပြောကြားသည်။

ယခုတွေ့ဆုံမှုသည် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်း အရေးပါဆုံးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၎င်းသည် မလေးရှား၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့က နှစ်နိုင်ငံအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် သီးခြားစီ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် သဘောတူညီချက်ကို ချိုးဖောက်ကာ အပြန်အလှန် ကျူးကျော်နေကြသည်ဟု ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့က စွပ်စွဲထားကြသည်။

အဆိုပါ သဘောတူညီချက်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း အငြင်းပွားနယ်မြေများမှ တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများ ရုပ်သိမ်းရန်နှင့် မိုင်းရှင်းလင်းရန် ကတိပြုခဲ့ကြသည်။

ဒီဇင်ဘာလ ၂၄ ရက် ဆွေးနွေးပွဲများ မတိုင်မီအထိ၊ ဒီဇင်ဘာလအစောပိုင်းကတည်းက လာအိုနိုင်ငံအနီးရှိ သစ်တောထူထပ်သော ဒေသများမှသည် ထိုင်းကွေ့ကမ်းရိုးတန်း ပြည်နယ်များအထိ နေရာအနှံ့အပြားတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် တိုက်ပွဲများကြောင့် အရပ်သား ၂၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၅သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အမျိုးသားအာဏာပိုင်များက ဆိုသည်။ ထိုင်းနိုင်ငံတွင်မူ ၆၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၅၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ထိုင်းနိုင်ငံသည် ၎င်း၏နယ်စပ်ပြည်နယ်ဖြစ်သော ဗန်တေးမိချေ တွင် တိုက်လေယာဉ်များ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စွပ်စွဲခဲ့ပြီး ၎င်းလုပ်ရပ်မှာ “ရက်စက်ကြမ်းကြုတ်ပြီး” ခွဲခြားမှုမရှိသော တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုင်း၏ ပြန်လည်စွပ်စွဲချက်တွင်လည်း ကမ္ဘောဒီးယားစစ်တပ်က ဒီဇင်ဘာ ၂၄ ရက်နေ့၌ စကဲအို ပြည်နယ်ရှိ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့သောကြောင့် ထိုင်းတပ်ဖွဲ့ဝင်များက ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။