မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေသည် အဆုံးစွန်သို့ ရောက်ရှိနေ ကြောင်း ကုလသမဂ္ဂက ဆိုသည်။
မြန်မာနိုင်ငံတွင်အသက်ကယ်ဆယ်ရေးအကူအညီ လိုအပ်နေသူ ၁၆ သန်းကျော်ရှိနေပြီး လူ ၃ဦးလျှင် ၁ဦးသည် ဝမ်းရေးဒုက္ခနှင့် ရင်ဆိုင်နေရကာ အကျပ်အတည်း အတိုင်းအတာကြီးမားသော်လည်း ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှု လျော့ပါးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) ဖြစ်သူ မစ္စဂွင်လူးဝစ်စ်က ပြောသည်။
“မြန်မာနိုင်ငံက အကျပ်အတည်းဟာ လုံးဝကို မမြင်သာသလောက် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံ ထဲမှာတော့ ငါတို့တွေကို မေ့လျော့ထားကြပြီဆိုတဲ့ ခံစားချက်မျိုး တကယ်ပဲ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၃ဒဿမ၆သန်း ဝန်းကျင်ရှိ နိုင်ပြီး လာမည့်နှစ်တွင် ၄သန်းခန့်အထိ မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။
“မြန်မာ့အရေး၊မြန်မာပြည်သူတွေရဲ့ ဘေးဆိုးကြီးကို နိုင်ငံတကာအသိုင်းအဝိုင်းက စုတ်သံရုံ၊စာနာမှု ပေးရုံလောက်ပဲ တတ်နိုင်တဲ့သဘောပါပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
၂၀၂၆ခုနှစ်တွင် လူသားချင်းစာနာမှုအကူအညီပေးရန် လျာထားသူဦးရေ ၄ဒဿမ၉သန်းရှိပြီး အရေး ပါသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရန်ပုံငွေလိုအပ်ချက် ကန်ဒေါ်လာ သန်း၈၉၀ရှိကြောင်း UNOCHA က ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဟု UNOCHA က ထုတ်ပြန်ထားသည်။
