KNU ၏ ကော်သူလေးအစိုးရ ထူထောင်ရေး အိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့ဟု စစ်ကော်မရှင် ထုတ်ပြန်

By MPA

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကော်သူလေးအစိုးရ ထူထောင်ရေးအိမ်မက်ကို ရိုက်ချိုးနိုင်ခဲ့ဟု စစ်ကော်မရှင်က ယမန်နေ့(စက်တင်ဘာ ၆ရက်) တွင် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်က စက်တင်ဘာ ၅ရက်တွင် မြ၀တီမြို့နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာကို သိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် စစ်တပ်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် KNU ၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သည့် မြ၀တီ၊ ကော့ကရိတ်နှင့် ဖားအံမြို့တို့အား သိမ်းပိုက်ကာသီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေးအိပ်မက်ကို အပြီးတိုင်ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးသားထားခြင်းဖြစ်သည်။

ထို့ပြင် စစ်ကော်မရှင်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီ အာရှလမ်းမကြီပြန်လည်ရယူရန် ထိုးစစ်ဆင်ရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကျဆုံးသူ ၆၃ဦးရှိသည်ဟု ဆိုထားသော်လည်း ၎င်းတို့၏ ထိခိုက်သေဆုံးမှုစာရင်းကိုမှု တိကျစွာဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဧပြီလမှ စတင်ကာ သင်္ဃန်းညီနောင်နှင့် မြ၀တီမြို့နယ်ရှိ တပ်ရင်းအချို့ကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့မှုကြောင့် ကော့ကရိတ်-မြ၀တီလမ်းပိုင်းတစ်လျှောက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားမှုကို ပြန်လည် ရယူနိုင်ရန်အတွက် စစ်ကော်မရှင်တပ်က ၂၀၂၄ခုနှစ် ၊ ဧပြီ ၇ရက်တွင် အင်အား ၂၀၀၀ခန့်ရှိသည့် အောင်ဇေယျစစ်ကြောင်းဖြင့် ယင်းနေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက ရွတ်ရွတ်ချွံချွံ ခုခံကာကွယ်ခဲ့သည့်အတွက် အောင်ဇေယျစစ်ကြောင်း မြ၀တီမြို့သို့ ရောက်ရှိရန် တစ်နှစ်ကျော်အချိန်ယူခဲ့ရခြင်းလည်းဖြစ်သည်။