မှော်ဘီ PPP ပါတီရုံးတွင် ရုံးစောင့်နှင့် ပျူစောထီးတို့ အရက်သောက်နေစဉ် မိုင်းနှင့်ဗုံးဖြင့် တိုက်ခိုက်

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မြို့နယ်ရုံးတွင် ရုံးစောင့်နှင့် ပျူစောထီးတို့ အရက်သောက်နေစဉ် ပြင်းအားမြင့်မိုင်းနှင့် လက်ပစ်ဗုံးတို့ဖြင့် မြို့ပြပြောက်ကျားတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မှော်ဘီမြို့နယ်ရှိ PPP ပါတီရုံး၌ ရုံးစောင့်ပါတီဝင်များနှင့် ပျူစောထီး ၈ ဦးခန့် အရက်သောက်နေစဉ် ပြင်းအားမြင့် မိုင်း၂လုံးနှင့် လက်ပစ်ဗုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army က သတင်းထုတ်ပြန်သည်။

“ပျူတွေအရပ်ဝတ်တွေနဲ့ရုံးကိုစောင့်နေရင်း အရက်သောက်နေကြတာပါ။ ၇ကောင်၊ ၈ကောင်လောက်ရှိတယ်။တိုက်ခိုက်မှုက မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြေးရင်းနဲ့လက်ပစ် တစ်လုံးပါ ထပ်ဆော်လိုက်တယ်။ အရက်ဝိုင်းဖွဲ့နေတဲ့ပျူရုံးစောင့်တွေ ဘဝတော့မတွေးရဲပါဘူး။ အဲဒီ့ဘက်တွေကတော့ အထိုင်တပ်တွေရှိတယ်လေ။ ပါတီရုံးလောက်က ဘာဖြစ်ဖြစ် သူတို့နဲ့ မဆိုင်သလို ထားထားကြတာ ဖြစ်ရင်ခံပဲ”ဟု Yangon Army မှတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်မှုပြီးသည်နှင့် ချက်ချင်းပြန်ဆုတ်ခဲ့ရသည့်အတွက် နောက်ဆက်တွဲ အခြေအနေကို မသိရသေးကြောင်း ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုကို Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

PPPပါတီ၏ မှော်ဘီမြို့နယ်ရုံးခန်းကို ဇူလိုင် ၁၄ ရက်တွင် မှော်ဘီမြို့နယ်၊ ထောက်ကြန့်မြို့ရှောင် လမ်း ၊ ဘွက်ကြီးကျေးရွာအုပ်စု ၊ ရဲစုမြောက် ကောင်းထက်အစာစက်ရုံ လမ်းသွယ် အမှတ် ၁၂ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း PPPပါတီက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း လှည်းကူးမြို့နယ် ၊ ကျောက်အိုင်ကျေးရွာ အုပ်ချူပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ရောက်ရှိနေချိန်တွင် Yangon Army နှင့် ရန်ကုန်အနောက်ပိုင်း ခရိုင် ပကဖတို့ ပူးပေါင်း၍ ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။