စစ်ရေးအရှုံးကို ဖုံးကွယ်ရန် စစ်တပ်လော်ဘီများက ကြံ့ဖွံ့ပါတီအား ဒီမိုကရေစီ ကယ်တင်ရှင်အဖြစ် အရှက်မဲ့စွာ ဝါဒဖြန့်လာ

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်၏ ဝါဒဖြန့် ယန္တရားများသည် မြေပြင်စစ်ရေးတွင် တောက်လျှောက် အထိနာနေပြီး အဆိုပါ ကိစ္စရပ်ကို ဖုံးကွယ်ရန်နှင့် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရန် ကြံ့ဖွံ့ပါတီအား ဒီမိုကရေစီ ကယ်တင်ရှင်အဖြစ် ပုံ‌ောဖ်ကာ အရှက်မဲ့စွာ ဝါဒဖြန့်မှုများကို တယ်လီဂရမ်ချန်နယ်များ၌ ပိုမိုပြုလုပ်လာကြောင်း သိရသည်။

စစ်တပ်လော်ဘီများအနေဖြင့် ပြည်သူများကို စည်းရုံးရေးပြုလုပ်ရာ၌ နည်းဗျူဟာ နှစ်ရပ်ကို အသုံးပြုပြီး မဲပေးလျှင် ဦးသိန်းစိန် လက်ထက်ကကဲ့သို့ စီးပွားရေး ပြန်ကောင်းမည်ဟုဆိုကာ အတိတ်က ပုံရိပ်အချို့ကို အသုံးချဆွဲဆောင်ခြင်းနှင့် မဲမပေးလျှင် နောက်နောင် မဲပေးခါင့်ရတော့မည်မဟုတ်ဘဲ တော်လှန်ရေးလုပ်နေလျှင် မြို့ရွာများ ပျက်စီး ဒုက္ခရောက်မည်ဟု ကြောက်စိတ်သွင်းမှုများကို ပြုလုပ်နေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“သူတို့ လုပ်ရပ်က စစ်ရေးအရ နယ်မြေအမြောက်အမြား ဆုံးရှုံးနေရတာကို စစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်ရှာနေတာ၊ အဲ့ဒါကို စစ်တပ်ဝါဒဖြန့် လော်ဘီတွေက တွင်တွင်ကျယ်ကျယ်လုပ်ပေးနေတာပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင် လော်ဘီများက မြို့ရွာများ ပျက်စီးရခြင်းသည် NUG နှင့် PDF များကြောင့် ဟု စွပ်စွဲမှုများကို ပိုမိုပြုလုပ်လာသော်လည်း လက်တွေ့ စစ်ကော်တီတပ်များ စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်ရခြင်းကြောင့် ပြည်သူများ၏ နေအိမ်များကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်းများကို မူ ပြောကြားမှုမရှိကြောင်း ပြည်သူများက ထောက်ပြသည်။

“မြို့ရွာတွေ ပျက်စီးတဲ့ တရားခံအစစ်က စစ်တပ်ကြောင့်လေ၊ တော်လှန်ရေးအင်အားစုတွေကြောင့် ပျက်ရတာမဟုတ်ဘူး မတရား အတင်းအဓမ္မ အာဏာလုယူထားတဲ့ စစ်တပ်ကြောင့် အခုလို ဖြစ်ပျက်နေရတာ” ဟု အညာဒေသမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်တပ်ကြောင့် တိုင်းပြည်ပျက်စီးနေရချိန်တွင် ကြံ့ခိုင်ရေးပါတီမှ ဒီမိုကရေစီ လမ်းပေး ဆွဲတင်ပေးမည်ဟု ဝါဒဖြန့်ခြင်းသည် အခြေအမြစ်မရှိဘဲ ၂၀၁၅ခုနှစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများက ပြတ်ပြတ်သာသား ငြင်းပယ်ခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

“လူထုထောက်ခံမှု အပြည့်ရထားတဲ့ NLD ပါတီကို ဖျက်သိမ်းပြီးတော့ ခေါင်းဆောင်တွေကို ထောင်ချထားတယ်။ ပြိုင်ဘက်မရှိဘဲ နိုင်အောင်လုပ်မယ့် ရွေးကောက်ပွဲက ဒီမိုကရေစီမဟုတ်ဘဲ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ ခင်းတဲ့ လမ်းတစ်ခုပဲဖြစ်တယ်” ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက ဆိုသည်။

ထို့ပြင် စစ်တပ်လော်ဘီများက NLD နှင့် NUG သည် နိုင်ငံရေးသင်္ချိုင်းရောက်သွားပြီဟု တယ်လီဂရမ်ချန်နယ်တို့တွင်ရေးသားထားပြီး ၎င်းကဲ့သို့ ရေးသားချက်မှာ စစ်ကော်မရှင်၏ စိုးရိမ်စိတ်ကို ဖုံးကွယ်ရန် ဖြေသိမ့်မှုသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်တွေ့တွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံ၏ နယ်မြေအမြောက်အမြားကို စိုးမိုးထားနိုင်ပြီဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှုသည် စာရွက်ပေါ်တွင် ပါတီရှိခြင်း၊ မရှိခြင်းအပေါ် မူတည်သည်မဟုတ်ဘဲ “စစ်အာဏာရှင်စနစ်ကို လုံးဝမလိုလားခြင်း” ဟူသော ခိုင်မာသည့် ရပ်တည်ချက်ပေါ်တွင် တည်ရှိနေကြောင်း နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်က ပြောသည်။
သတင်းသုံးသပ်ချက်နှင့် အကြံပြုချက်

စစ်တပ်လော်ဘီများသည် ဘာသာရေးနှင့် လူမျိုးစုကြား ပဋိပက္ခများကို ဖြစ်ပွားစေရန် လူမှုကွန်ရက်အသုံးပြုပြီး ရေးသားမှုများကို ပြုလုပ်ကာ တော်လှန်ရေးအင်အားစုများကို ပုံဖျက်လေ့ရှိသည့်အပြင် လက်ရှိပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် ငြိမ်းချက်ရေးအတွက် မဟုတ်ဘဲ စစ်တပ် တရားဝင်မှုရှာပေးရန်သာဖြစ်သည့်အတွက် ပြည်သူများ သတိပြုရန် နိုင်ငံရေးလေ့လာသူများက အကြံပြုထားသည်။

စစ်ကော်မရှင်သည် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဘက်ပေါင်းစုံမှ ကျဆုံးနေခြင်းကြောင့် ကြံ့ခိုင်ရေးပါတီကို ကယ်တင်ရှင်အဖြစ် အရှက်မဲ့စွာ ပုံဖော်၍ လူထုကို လှည့်ဖျားရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည့်အတွက် ယင်းဝါဒဖြန့်မှုသည် အောင်မြင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြထားသည်။