သထုံမြို့ပေါ်ပြည်သူများကို လက်နက်ကြီး၊ငယ်များ ချိန်ကာ စစ်တပ် လိုက်လံခြိမ်းခြောက်နေ

ဓာတ်ပုံ-Greeting from Myanmar

မွန်ပြည်နယ်၊သထုံမြို့ပေါ်ရှိ ပြည်သူများကို လက်နက်ကြီး၊ငယ်များ ချိန်ရွယ်ကာ စစ်တပ်က လိုက် လံခြိမ်းခြောက်နေကြောင်း သိရသည်။

သထုံမြို့ပေါ်တွင် ဒီဇင်ဘာ၂၅ရက်နှင့် ယနေ့(ဒီဇင်ဘာ၂၆ရက်) နေ့ခင်းပိုင်းတို့၌ Jammer များ တင် ထားသည့် စစ်ယာဉ်တန်း လှည့်လည်ကာ ပြည်သူများအား ခြိမ်းခြောက်နေကြောင်း ဒေသခံအချို့ထံ က သိရသည်။

“စစ်ကားပေါ်မှာ ပုခုံးပေါ် လောင်ချာထမ်းထားတဲ့ စစ်သားတွေလည်း ပါတယ်။ကားပေါ်ကကောင် တွေက သေနတ်တွေနဲ့ ပြည်သူတွေရှိတဲ့ဘက် ချိန်ထားသေးတယ်။မြို့ပေါ်က ကားလမ်းမတွေပေါ် လျှောက်သွားနေတာ။ကိုယ့်ရှေ့က ဖြတ်သွားရင် ဘယ်ဘက်သွားသလဲဆိုတာတောင် ထွက်မကြည့် ရဲ ဘူး။ထွက်ကြည့်လို့ဆိုပြီး အပစ်ခံရမှာ စိုးလို့။ဓာတ်ပုံခိုးရိုက်ဖို့ဆိုတာ ဘယ်လုပ်ရဲကြမလဲ”ဟု သထုံမြို့၊ မင်းလမ်းနေ အိမ်ရှင်မတစ်ဦးက MPAသို့ပြောသည်။

ယင်းသို့ မြို့ပတ် ခြိမ်းခြောက်ခြင်းအပြင် ဒီဇင်ဘာ၂၄ရက်မှ စတင်ကာ ရပ်ကွက်ရုံးများနှင့် မဲရုံလုပ် မည့် စာသင်ကျောင်းများ၌ စစ်သား၊ရဲနှင့်ပျူစောထီးအများအပြား လုံခြုံရေးယူထားကြကြောင်း သိရ သည်။

“ဘာသတင်းတွေကြားလို့ ကြောက်နေတာလဲ မသိဘူး။ အခု မြို့ကလူတွေ ညမပြောနဲ့၊ နေ့ခင်း တောင် အပြင်ကို များများစားစား မထွက်ရဲကြဘူး”ဟု သထုံမြို့၊ဘင်လှိုင်ရပ်ကွက်သားတစ်ဦး ကပြောသည်။

သထုံမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို မဲစာရင်းနံပါတ် အ ပြောင်းအလဲရှိသည်ဟုဆိုကာ မဲစာရင်း ပြန်ကြည့်ခိုင်းကာ ဌာနအကြီးအကဲများထံသို့ မဲစာရင်းနံပါတ် ပြန်တင်ခိုင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

ဒီဇင်ဘာ၂၈ရက်တွင် တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊မော်လမြိုင်နှင့်သထုံမြို့နယ်တို့၌ ပြုလုပ်သွားမည်ဖြစ်သည်။