ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကူးစက်ယားနာနှင့် အရေပြားရောဂါများ လအတန်ကြာ ဖြစ်ပွားနေသော်လည်း စစ်ရှောင်အချို့မှာ ဆေးဝါးဝယ်ယူရန် ငွေကြေးမတတ်နိုင်သဖြင့် ဒေသတွင်း ဆေးမြီးတိုများဖြင့်သာ ကုသနေကြရကြောင်း ဆီးဆူ့တော်စစ်ရှောင်စခန်းရှိ ပြည်သူများထံမှ သိရသည်။
အဆိုပါ ယားနာဖြစ်ပွားမှုများသည် ကရင်နီဒေသရှိ စစ်ရှောင်စခန်းများတွင် ဖြစ်လေ့ရှိသော်လည်း ရေထွက်ပေါက်ရှိရာ တောင်နိမ့်ပိုင်းဒေသများတွင်မူ ရေဝပ်ခြင်းမှတစ်ဆင့် ကူးစက်ယားနာများ လအတန်ကြာ ဖြစ်ပွားနေပြီး အမြစ်ဖြတ်ကုသမှု မခံယူနိုင်ကြကြောင်း ဆီးဆူ့တော်စစ်ရှောင်စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။
“ကျမတို့က တောထဲမှာ တဲတွေနဲ့ နေကြရတာဆိုတော့ ဝါးမှုန်တွေကတစ်ဆင့် ယားနာတွေ ဖြစ်စေတယ်။ မသန့်ရှင်းတဲ့ စောင်နဲ့ အဝတ်အစားတွေကနေလည်း ကူးစက်တာပေါ့။ ဒါက နဂိုကတည်းက ရှိနေတဲ့ အခြေအနေပါ။ နောက်ပိုင်း ရေကြီးမှုဖြစ်လာတော့ တောင်ကျရေတွေနဲ့အတူ အိမ်သာက အညစ်အကြေးတွေ၊ သဲတွေ လာစုပုံတယ်။ အဲ့ဒီမှာ စစ်ရှောင်စခန်းက လူကြီးရော ကလေးရော ယားနာတွေ ပိုဖြစ်ကုန်တာ။ အရင်က ဖြစ်နေတဲ့သူတွေလည်း ပိုဆိုးကုန်တယ်” ဟု ၎င်းက ဆိုသည်။
တောင်ကျရေများသည် သုံးလခန့်ကြာမြင့်စွာ ရေကြီးမှုကို ဖြစ်စေခဲ့ပြီး စစ်ရှောင်တဲအချို့နှင့် ငါးမေးကန်များပါပျက်စီးခဲ့ရသည့်အပြင် အသက် ၄နှစ်မှ အသက် ၇၀ကျော်အထိ စစ်ရှောင်ပြည်သူများမှာ လက်ရှိအချိန်ထိ ကူးစက်ယားနာများ နှင့် ပွေးများ ခ့စားနေရဆဲဖြစ်ကာ ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း ဆီးဆူ့တော်စစ်ရှောင်တစ်ဦးက ပြောသည်။
“အဒေါ်ကတော့ ကလေးတွေရော လူကြီးတွေရော အကုန်လှန်ကြည့်တာ။ တချို့ဆို ပေါင်ခြံနဲ့ တင်ပါးတွေမှာ အကွက်လိုက်ကြီးတွေ ဖြစ်နေတာ။ သူတို့က ရှက်တော့ ဆေးခန်းလည်း မသွားရဲဘူး၊ လိမ်းဆေးပဲ ဝယ်လိမ်းကြတာ။ ရေကြီးတုန်းကလည်း ကလေးတွေက တားမရဘဲ ရေကူးဆော့ကြတော့ သူတို့ဆိုလည်း ဆေးလူးတုန်းခဏပဲ၊ ပြန်ပြန်ဖြစ်နေတာပဲ” ဟု ၎င်းက ဆက်ပြောသည်။
တောင်ကျရေစီးဆင်းမှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ ဝက်မွေးမြူရေးခြံများနှင့် အိမ်သာများ ရေဖုံးလွှမ်းခဲ့ခြင်း၊ သစ်ရွက်ပုပ်များမှတစ်ဆင့် မှိုပိုးများ ထွက်ပေါ်လာခြင်းတို့ကြောင့် ကူးစက်ယားနာ၊ ဓာတ်မတည့်သည့် အရေပြားရောဂါ၊ ဝဲစိုနှင့် ဝဲခြောက်ဝေဒနာများကို အဓိက ခံစားနေရခြင်းဖြစ်ကြောင်း စစ်ရှောင်များအား ဆေးကုသမှုပေးနေသူတစ်ဦးက ရှင်းပြသည်။
၎င်းက “၅ နှစ်အောက်ကလေးတွေရော လူကြီးတွေပါ လာပြကြတယ်။ လူငယ်ပိုင်းကတော့ ရှက်လို့လားမသိဘူး သိပ်မပြကြဘူး။ တခြားနေရာတွေမှာလည်း ဖြစ်နေကြတာပဲ။ ရေကြီးခဲ့တဲ့ စစ်ရှောင်စခန်းတွေမှာတော့ ပိုများပြီး ပိုဆိုးတာပေါ့။ ပွေး၊ ဝဲခြောက်နဲ့ ဝဲစိုတွေက ပျောက်ဖို့ တော်တော်ကြာတယ်။ ကျမတို့လည်း ဆေးလုံလုံလောက်လောက် မပေးနိုင်ဘူး။ သူတို့ကလည်း ရေရှည်လူးမှ ပျောက်မှာသိပေမယ့် ဆေးဝယ်ဖို့ ငွေမတတ်နိုင်ကြဘူး” ဟု ဆိုသည်။
ကူးစက်ယားနာ ပျောက်ဆေးများ ဝယ်ယူရန် မတတ်နိုင်သည့် စစ်ရှောင်များမှာ ဒေသတွင်းရှိ နွယ်ပင်တစ်မျိုးကို ပြုတ်၍ ယားနာများကို ဆေးကြောခြင်းဖြင့်သာ ကုသနေကြရပြီး ယင်းမှာ ခေတ္တခဏသာ သက်သာစေကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီဒေသတွင်း စစ်ဘေးသင့်ပြည်သူအရေအတွက်မှာ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုတိုးတက်လာနေသည်။ စစ်ရှောင်စခန်းများတွင် အခြေခံ ဆေးကုသမှုများသာ ပေးနိုင်သော်လည်း ဆေးဝါးလုံလောက်မှုမရှိခြင်း၊ စစ်ရှောင်များတွင် ပုံမှန်ဝင်ငွေမရှိခြင်းတို့ကြောင့် မှိုကြောင့်ဖြစ်ပွားသည့် အရေပြားရောဂါဝေဒနာများမှာ ဆီးဆူ့တော်စစ်ရှောင်စခန်းအတွင်း ဆက်လက်ပြန့်ပွားလျက် ရှိနေပါသည်။
စာတည်း-ကိုဆန်း
