အောင်လံ၊တခွန်တိုင်ရွာထဲ စစ်တပ် ဝင်စီး၊ ထွက်ပြေးလူငယ် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊အောင်လံမြို့နယ်၊ တံခွန်တိုင်ရွာကို စစ်တပ် ဝင်စီးကာ ထွက်ပြေးသည့် လူငယ်တစ် ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၆ရက်၊ နံနက် ၇နာရီခန့်တွင် တံခွန်တိုင်ကျေးရွာထဲသို့ စစ်သားအင်အား ၃၀ ခန့် ဝင်ရောက်လာပြီး အိမ်တိုင်းစေ့ စစ်ဆေးကာ အမျိုးသား၈ဦးကို ဖမ်းဆီးခဲ့ရာ ကေးကေးဟုခေါ် သော အသက် ၂၀ အရွယ် အမျိုးသားက ထွက်ပြေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ အောင်လံလူထု အဖွဲ့ထံက သိရသည်။

” သူ့အိမ်ရဲ့ နောက်ဖေး ကျူတောထဲမှာပစ်သတ်ခံလိုက်ရတာပါ။ အလောင်းပြန်ရတယ်။ နာရေးတော့ လုပ်နေတယ်။ ကျန်တဲ့ဖမ်းဆီးခံရတဲ့ အမျိုးသား ၇ဦးကို အောင်လံမြို့နယ်ခမရ ၇၁ ထဲကိုခေါ်သွားတယ်။ မနေ့ညနေကတော့ အမျိုးသား ၆ဦး ပြန်လွတ်လာတယ်။ သက်ကြီးပိုင်းတွေမို့ ပြန်လွှတ်ပေးလိုက်တာ။ ငွေနဲ့တော့ မရွေးရဘူး။ လူငယ်တစ်ယောက်ကိုတော့ ဆက်ဖမ်းထားတုန်းပဲ ” ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ်မှာ အသက်၁၈ နှစ်အရွယ်ရှိ ကိုဇော်ပိုင်ဖြစ်ပြီး အောင်လံမြို့အခြေစိုက် ကပစ ၁၅ ထဲ၌ ချုပ်နှောင်ခံ‌ထားရကြောင်း သိရသည်။

” လူငယ်ဆိုတော့ တခြားအပြစ်မရှိလည်း စစ်မှုထမ်းခိုင်းဖို့များပါတယ် ” ဟု ၎င်းကဆက်လက်ပြော သည်။

တံခွန်တိုင်ရွာသည် အောင်လံမြို့နယ် ဒန်းဒေါင့်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ယင်းကျေးရွာအုပ်စု၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

တံခွန်တိုင်ရွာနှင့် ၄မိုင်ကျော်အကွာတွင် သမ္ဘူလကျေးရွာရှိပြီး ယင်းရွာ၌ ‌ရွေးကောက်ပွဲပြုလုပ်မည် ဖြစ်ကာ ပြည်သူများ မဖြစ်မနေ မဲပေးရမည်ဟု စစ်တပ်က ပြောဆိုထားကြောင်း သိရသည်။

သမ္ဘူလကျေးရွာ ရဲစခန်းတွင် စစ်အုပ်စုဝင် အင်အား ၃၀ ခန့် ရှိကြောင်း သိရသည်။

စာတည်း-ML