တရုတ်က မျိုးဆက်သစ် ဗုံးကြဲလေယာဉ်၏တတိယမြောက်ပုံစံတစ်ခုကို စမ်းသပ်ပျံသန်း

Defence Blog

တရုတ်နိုင်ငံသည် J-36 ဟု လူသိများသည့် မျိုးဆက်သစ် ဗုံးကြဲလေယာဉ်၏ တတိယမြောက် ပုံစံတစ်ခုကို စမ်းသပ်ပျံသန်းမှုတစ်ခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယခုပျံသန်းခဲ့သည့် ဗုံးကြဲလေယာဉ်၏ ကိုယ်ထည်ဒီဇိုင်းမှာ ယခင်ထုတ်ဖော်ပြသခဲ့သည့် လေယာဉ်နှစ်စင်းနှင့် မတူညီဘဲ လေဝင်ပေါက်စနစ်၊ အင်ဂျင်အိပ်ဇောခေါင်းများ၊ လေယာဉ်ဘီးတည်ဆောက်ပုံနှင့် အခြားဒီဇိုင်းပိုင်းဆိုင်ရာ ဖြေရှင်းချက်များတွင် ကွဲပြားမှုများ ရှိနေကြောင်း Defence Blog က ဖော်ပြခဲ့သည်။

ကာကွယ်ရေးကဏ္ဍ လေ့လာဆန်းစစ်သူ အန်ဒရီးယပ်စ် ရူးပရက်ရှ်က အဆိုပါပုံကို လူမှုကွန်ရက်တွင် မျှဝေခဲ့ပြီးခဲ့ရာတွင် “ဒီနှစ် တရုတ်နိုင်ငံရဲ့ ခရစ္စမတ်လက်ဆောင်က အမျိုးအစားသစ် ထူးထူးခြားခြားကြီး မဟုတ်ပေမဲ့ J-36 ရဲ့ တတိယမြောက် စမ်းသပ်ယာဉ်ကို ပထမဆုံးအကြိမ် ပျံသန်းပြသလိုက်တာကပဲ အထင်ကြီးစရာ အကောင်းဆုံးပါပဲ” ဟု ရေးသားခဲ့သည်။

တရုတ် အင်ဂျင်နီယာများအနေဖြင့် J-36 ဗုံးကြဲလေယာဉ်၏ နောက်ဆုံးပုံသဏ္ဌာန်ကို အတည်မပြုမီ ဒီဇိုင်းအမျိုးမျိုးကို လက်တွေ့စမ်းသပ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ပထမဆုံး J-36 စမ်းသပ်လေယာဉ်ပုံစံကို လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ပျံသန်းခဲ့ပြီး ဒုတိယယာဉ်ကို ယခုနှစ် အောက်တိုဘာလအတွင်းက ပျံသန်းခဲ့သည်။

J-36 သည် တရုတ်၏ အကြီးစား ဗုံးကြဲလေယာဉ်အဖြစ် သတ်မှတ်ထားကြသည်။

အမေရိကန်၏ မျိုးဆက်သစ် လေယာဉ် စီမံကိန်းများမှာ ကြေညာချက်ထုတ်ပြန်သည့်အဆင့်နှင့် အစောပိုင်းထုတ်လုပ်ရေးအဆင့်တွင်သာ ရှိနေသေးသော်လည်း တရုတ်အနေဖြင့် အင်ဂျင်သုံးလုံးတပ် အကြီးစားတိုက်လေယာဉ်၏ စမ်းသပ်ယာဉ်အများအပြားကို လက်တွေ့ပျံသန်းနေပြီဖြစ်သည်။

တရုတ်အာဏာပိုင်များက J-36 နှင့် ပတ်သက်သော တရားဝင် နည်းပညာအချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း လေ့လာဆန်းစစ်သူများက ယခုလေယာဉ်သည် ၁၉၉၀ ပြည့်နှစ်များကတည်းက အသုံးပြုခဲ့သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်၏ ဟောင်းနွမ်းနေပြီဖြစ်သည့် JH-7 တိုက်လေယာဉ်များကို အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ယခုမျိုးဆက်သစ် ဗုံးကြဲ တိုက်လေယာဉ်ကို တာဝေးတိုက်ခိုက်ရေးနှင့် ရေပြင်တိုက်ခိုက်ရေး အခန်းကဏ္ဍများတွင် အသုံးပြုသွားဖွယ် ရှိသည်။

အချို့သော လေ့လာဆန်းစစ်သူများက J-36 ကို ယူကရိန်းစစ်ပွဲတွင် ရုရှားအသုံးပြုနေသည့် Su-34 Fullback တိုက်ခိုက်ရေးလေယာဉ်နှင့် နှိုင်းယှဉ်ဖော်ပြကြသည်။

Su-34 ကဲ့သို့ပင် J-36 သည်လည်း လေကြောင်းရန်ကာကွယ်ရေးနှင့် အစောင့်တိုက်လေယာဉ်များ၏ အကာအကွယ်အောက်တွင် ရန်သူ့နယ်မြေအတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားဖွယ်ရှိသည်။

လေယာဉ်၏ စွမ်းဆောင်ရည်၊ အာရုံခံစနစ်များနှင့် လက်နက်စနစ်များကို တရုတ်က လျှို့ဝှက်ထားဆဲဖြစ်သော်လည်း၊ ထွက်ပေါ်လာသော ဓာတ်ပုံများအရ ရေဒါကို ရှောင်ကွင်းနိုင်စွမ်း နှင့် အတွင်းဘက်၌ လက်နက်သိုလှောင်နိုင်စွမ်းကို အဓိကအလေးပေးထားကြောင်း တွေ့ရသည်။

လေယာဉ်၏ အရွယ်အစားနှင့် တည်ဆောက်ပုံအရ သင်္ဘောဖျက်ဒုံးကျည်များနှင့် မြေပြင်ပစ်ဒုံးကျည်များ အပါအဝင် အဆင့်မြင့်လမ်းညွှန်လက်နက်များကို သယ်ဆောင်တိုက်ခိုက်နိုင်ဖွယ်ရှိသည်။