ကြံ့ဖွံ့ကိုသာ မဲပေးရန် ကြံ့ဖွံ့နာမည် မတပ်ရုံတမယ်ပြောကာ ချောင်းဆုံဝန်ထမ်းများအား စစ်ကော်မ ရှင် ဖိအားပေး

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် စစ်ကော်မရှင်က ကြံ့ဖွတ်ကိုသာ မဲပေးရန် ကြံ့ဖွံ့နာမည်မတပ်ရုံတ မယ်ပြောကာ ဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဟုဆိုကာ စစ်တပ်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်ပါတီကိုသာ မဲပေးကြရန် ဌာနအကြီးအကဲများမှတစ်ဆင့် နှုတ်မိန့်ပေး ခဲ့ကြောင်း အဝေးရောက် ချောင်းဆုံမြို့ခံတစ်ဦးက ဆိုသည်။

“မင်းအောင်လှိုင်က စစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကို မဲပေးဖို့ လမ်းညွှန်တယ်လို့ ပြောတယ်။ပြီးတော့ သူတို့(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့) ထပ်ကွန့်တာက စစ်တပ်နဲ့ အဆင်ပြေတဲ့ပါတီဆိုတာ ဘယ်ပါတီ လဲ ခင်ဗျားတို့ သိတယ်မဟုတ်လားတဲ့။ ကြံ့ဖွံ့ကို မဲပေးပါလို့ တည့်တည့်မပြောရုံတမယ်ပဲ။ဝန်ထမ်း တွေဆီက အဲဒီလို ပြန်သိရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

လက်ရှိ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်းမှာ မြို့နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး ချောင်းဆုံ မြို့နယ်ပြည်သူ့လွှတ်တော်အမတ်လောင်းလည်း ဖြစ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို ထွေအုပ်၊ တပ်၊ရဲ၊ လဝကနှင့် ရပ်မိရပ်ဖ တို့ဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး ချောင်းဆုံနှင့်မော်လမြိုင် ရပ်မိရပ်ဖ နေရာတွင် မြို့နယ်ကြံ့ဖွံ့ဥက္ကဌများအား မွန်ပြည်နယ်ဝန်ကြီးချုပ် က ထည့်သွင်းထားခြင်းဖြစ်သည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းတို့မှာ မဲပေးခဲ့သည့်အမှတ်စဉ်ကို သက်ဆိုင်ရာဌာန အကြီးအကဲများထံသို့ ပြန်လည် တင်ပြရမည်ဖြစ်ပြီး မဲရုံတာဝန်ကျ ဆရာ၊ဆရာမများကလွဲ၍ မည်သူ မျှ ကြိုတင်မဲပေးခွင့်မရှိကြောင်း သိရသည်။

“ဝန်ထမ်းတွေကို ကြံ့ဖွံ့ကို မဲပေးဖို့ အမိန့်ပေးတယ်။မဲမပေးမနေရ ဖြစ်အောင်လည်း လုပ်ထားတယ်။ ပြီးတော့ မဲထည့်တဲ့နေ့ လူစည်အောင် ကြိုတင်မဲကို မဲရုံမလာနိုင်တဲ့ သက်ကြီးပိုင်းကလွဲလို့ ကျန်တဲ့သူ တွေ ဘယ်သူမှ ကြိုတင်မဲ ပေးလို့မရဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဆုံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကလည်း ရပ်ကွက်ရုံး လာရောက်သူများကို “ဘယ်ပါတီ မဲ ထည့်ရမလဲဆိုတာ သိတယ်နော်”ဟု ပြောကြကြောင်းနှင့် ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးမှူးအား လုံးမှာ ကြံ့ ဖွံ့ပါတီဝင်များဖြစ်ကြောင်း သိရသည်။

“သက္ကောရွာအုပ်ကြီး စံခင်ဆိုရင် အဆိုးဆုံးပဲ။သက္ကောမှာက မွန်တွေများတယ်။မွန်ပါတီကို အရင်တုန်းက ထောက်ခံခဲ့ကြတယ်ဆိုတော့ ကြံ့ဖွံ့ကို မဲပေးဖို့ တည့်တည့်တစ်မျိုး၊မတည့်တတည့် တစ်မျိုး စည်းရုံးတယ်”ဟု ၎င်းက ဆိုသည်။

ချောင်းဆုံမြို့နယ်အတွင်း ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပံ့ပိုးပေးကြသော်လည်း အခြား မည်သည့်ပါတီကမှ မကန့်ကွက်ရဲခဲ့ပေ။

ဒီဇင်ဘာ၂၈ရက်တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊မော်လမြိုင်နှင့် သထုံမြို့နယ်တို့၌ တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်သည်။

စာတည်း-ML