သမ္မတလုပ်ရန် ယတိပြတ်မငြင်းဘဲ လွှတ်တော်ရောက်မှ အဖြေသိရမည်ဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် သမ္မတလုပ်ရန် ရည်မှန်းချက် ရှိ၊ မရှိကို မေးမြန်းမှုအပေါ် ယတိပြတ် ငြင်းဆိုခြင်းမပြုဘဲ လွှတ်တော်အတွင်း သမ္မတရွေးချယ်သည့် ဖြစ်စဉ်ရောက်မှသာ ပြောဆိုရန် သင့်တော်မည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲ၌ မဲလာပေးစဉ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း နိုင်ငံ့ဝန်ထမ်းဖြစ်သဖြင့် ဘာလုပ်ချင်သည်ဟု ပြော၍မရကြောင်း၊ လွှတ်တော်ခေါ်ယူသည့်အခါ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ် (Process) ရှိသဖြင့် ထိုအချိန်မှသာ ပြောရန် သင့်တော်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ သို့သော်လည်း “သမ္မတ မလုပ်ပါ” ဟု တစ်ခွန်းတစ်ပါဒမျှ ငြင်းဆိုခြင်းမရှိဘဲ ဝေဝါးသော အဖြေဖြင့် ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဤပြောဆိုချက်မှာ ၎င်းအနေဖြင့် အာဏာကို လက်မလွှတ်ဘဲ သမ္မတရာထူးကို ရယူရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပြသနေသည့် သဘောပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

“သူက ဇာတ်ညွှန်းအတိုင်းသွားနေတာ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက သူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်က သမ္မတ ဖြစ်ဖို့လေ၊ အခုကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲကလည်း သူသမ္မတအဖြစ် တရားဝင် တင်မြှောက်နိုင်မယ့် လွှတ်တော် တစ်ရပ် ပေါ်ပေါက်စေဖို့ ဖန်တီးထားတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကော်မရှင်က ပြုလုပ်ထားသည့် PR စနစ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ကြံ့ခိုင်ရေးပါတီ (USDP) အပါအဝင် ၎င်း၏ မဟာမိတ်ပါတီငယ်များ ပေါင်းစပ်လိုက်ပါက မင်းအောင်လှိုင်ကို သမ္မတအဖြစ် အလွယ်တကူ တင်မြှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မင်းအောင်လှိုင်ပြောသွားတဲ့အထဲမှာ လွှတ်တော်ကနေ ရွေးချယ်ရေး Process ဆိုတဲ့ စကားမှာ အဲ့ဒီကြိုတင်ပြင်ဆင်ထားတဲ့ အင်အားစုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ လက်ဝါးရိုက်ပြီးသားကိစ္စကို သူကပေါ်ပေါ်ထင်ထင်မပြောဘဲ ဝေ့ပြောသွားတာ သူပဲ သမ္မတလုပ်မှာပါ” ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသူ တစ်ဦးက ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က မိမိကိုယ်ကိုယ် နိုင်ငံ့ဝန်ထမ်းဖြစ်၍ ဘာလုပ်ချင်သည်ဟု ပြော၍မရကြောင်း ဆိုခြင်းမှာ လူထုအား လှည့်ဖြားခြင်းသာ ဖြစ်ပြီး တကယ်တမ်းတွင် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်း၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပခြင်းတို့မှာ ၎င်း၏ တိုက်ရိုက်စီမံခန့်ခွဲမှုဖြင့်သာ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တပ်က ယနေ့ကျင်းပနေသည့် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ဖော်ဆောင်ရန်မဟုတ်ဘဲ မင်းအောင်လှိုင်၏ သမ္မတအိမ်တော်သို့ တက်လှမ်းမည့် လမ်းကြောင်းကို တရားဝင်ဖြစ်အောင် ခင်းကျင်းပေးနေခြင်းသာ ဖြစ်ကြောင်း ပြည်သူများက ဆိုသည်။

ထို့ပြင် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ပြည်သူများက မဲရုံကို ကျောခိုင်းထားသော်လည်း မင်းအောင်လှိုင်ကမူ ၎င်း၏ အာဏာသက်ဆိုးရှည်ရေး ဇာတ်ညွှန်းကို နာရီပိုင်းအလိုအထိ မြို့နယ်များ ထပ်မံပယ်ဖျက်၍ပင် အတင်းအကျပ် ရှေ့ဆက်နေဆဲ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

ဆက်လက်ပြီး ဇန်နဝါရီလတွင် ကျင်းပမည့် အပိုင်း ၂ နှင့် ၃ တို့မှာလည်း ၎င်း၏ သမ္မတဖြစ်ရေး ဇာတ်လမ်းအတွက် လိုအပ်သည့် အရေအတွက်ကို ဖြည့်ဆည်းရန်သာ ဖြစ်ကြောင်း ပြည်သူများနှင့် နိုင်ငံရေးလေ့လာသူများက ဆိုသည်။

စာတည်း-ကိုဆန်း