By MPA
ပြည်သူ့ခုခံတွန်းလှန်စစ် လေးနှစ်အတွင်း စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ခြောက်သောင်းကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၇ရက်မှ စတင်ကာ စစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက ပုံသဏ္ဍန်အသီးသီးဖြင့် ခုခံတွန်းလှန်ခဲ့သည်မှာ ယနေ့တွင် လေးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ တော်လှန်ခဲ့သည့် လေးနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ တိုင်းစစ်ဌာနချုပ် ၂ခု၊ ဒကစဌာနချုပ် ၁ခု၊ စကခ ဌာနချုပ် ၅ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ခု၊ လေတပ်ဆွယ် ၂ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ခု၊ လက်ရုံး၊နောက်တန်းစခန်း ၅၄ခု၊ နယ်ခြားစောင့်စခန်း ၁၇ခုတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
ထို့ပြင် ၂၀၂၅ခုနှစ် နှစ်မှ ယနေ့အချိန်ထိ ရန်သူ့ နောက်တန်းတပ်ရင်းဌာနချုပ် ၁၀ ခုထပ်မံကျဆုံးခဲ့သည့်အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း စစ်အုပ်စု ဩဇာခံ စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးမှု ၆၀၃၃၁ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၉၀၅ ဦးရှိခဲ့သည်ဟု အစီရင်ခံစာ၌ ရေးသားထားသည်။
ထိုကဲ့သို့ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားနေသည့် စစ်ကော်မရှင်သည် အင်အားချိနဲ့နေသည့် တပ်ရင်းတပ်ဖဲ့များအတွက် အဓမ္မစစ်သားစုဆောင်းမှုမှရရှိသော အင်အားများဖြင့် ပြန်လည်ဖြည့်တင်းခဲ့သည်။
ယင်းအပြင် ပြည်သူ့ခုခံတွန်းလှန်စစ်လေးနှစ်အတွင်း စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ်၊ လေ့ကျင့်ရေးလေယာဉ်နှင့် ရဟတ်ယာဉ် ပျက်ကျမှုနှင့်ပစ်ချခံသည့် အစင်းရေ ၂၀ထိရှိကြောင်းလည်းသိရသည်။
ဆက်လက်ပြီး ယခုနှစ် ဩဂုတ်လအထိ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပြည့်အ၀ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်သည် တစ်နိုင်ငံလုံး၏ ၁၆ရာခိုင်နှုန်း၊ ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားသည့် နယ်မြေမှာ မြို့နယ်စုစုပေါင်း၏ ၂၄ရာခိုင်နှုန်းရှိပြီး မြို့နယ်စုစုပေါင်း၏ ၂၁ရာခိုင်နှုန်း၌ တော်လှန်စစ်ဖြစ်ပွားနေခြင်းကြောင့် စစ်အုပ်စုထိန်းချုပ်နိုင်သည့် မြို့နယ်စုစုပေါင်းမှာ ၃၉ရာခိုင်နှုန်းသာရှိသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
