By MPA
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် အနုတင်း ချန်းဗီရာကူလ်က ၎င်း၏ ဦးစားပေးဆောင်ရွက်ချက်အဖြစ် ပြည်သူများယုံကြည်မှုကို ပြန်လည်ဆောက်ရန်နှင့် အဓိကျသည့် အမျိုးသားရေး စိန်ခေါ်မှုများ ဖြေရှင်းရန်အတွက် လျင်မြန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့(စက်တင်ဘာ ၇ရက်)တွင် ကတိပြုခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်၏ မူဝါဒသည် စီးပွားရေး၊ အမျိုးသားလုံခြုံရေး၊ သဘာ၀ဘေး စီမံခန့်ခွဲမှုနှင့် လူမှုရေး ကိစ္စများကို အဓိကထားကြောင်း သိရသည်။
စီးပွားရေး ဖိအားများ လျော့ချရန်အတွက် ဝန်ကြီးချုပ်က စားဝတ်နေရေး စရိတ်၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ လျော့ချမည်ဟု ကတိပြုခဲ့သည့်အပြင် အိမ်ထောင်စုနှင့် လယ်သမားများ၏ ကြွေးမြီကိုလည်း ဖြေရှင်းပေးမည်ဟု ဆိုထားသည်။
ယင်းအပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ရင်း ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
သဘော၀ဘေး စီမံခန့်ခွဲမှု အတွက် သတိပေးစနစ်များ ပိုမိုအားကောင်းအောင် ပြုလုပ်ပြီး ဘေးဒဏ်ခံရသူများအတွက် လျော်ကြေးငွေများ လျင်မြန်စွာ ပေးအပ်နိုင်ရန်ကိုလည်း လုပ်ဆောင်သွားမည်ဟု အနုတင်းက ပြောသည်။
မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်လောင်ကစားများကို နှိမ်နင်းသွားမည့်အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ကွန်ရက်များ ဖျက်သိမ်းနိုင်ရန် ဒေသတွင်း မိတ်ဖက် အစိုးရများနှင့် ပူးပေါင်းသွားမည်လည်း ၎င်းက ထပ်လောင်းပြောကြားသည်။
ဆက်လက်ပြီး ဒီမိုကရေစီစနစ် အားကောင်းစေရန် ပွင့်လင်းမြင်သာမှု၊ တရားစီရင်ရေး လွတ်လပ်ခွင့်ကို လေးစားရန်နှင့် နိုင်ငံရေး ဘက်မလိုက်မှုများကိုလည်း လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
Source -The Nation
