By MPA
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ဆေးကုသခွင့်ရရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ကူညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က မေတ္တာရပ်ခံချက်ကို ယနေ့(စက်တင်ဘာ ၇ရက်)တွင် ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများဖြစ် ယနေ့ထိ တရားဝင် အသိအမှတ်ပြုထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က မတရားဖမ်းဆီးထားသည်မှာ လေးနှစ်နှင့် ရှစ်လကျော်ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်အဲရစ်က စက်တင်ဘာ ၄ရက်တွင်ထုတ်ပြန်သည့် အရေးပေါ်ကြေညာချက်၌ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါ အခြေနေပိုမိုဆိုးရွားလာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိကြောင်း မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အသက်ရွယ်အားဖြင့် ၈၀ ကျော်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေကိုရောက်ရှိနေသည့်အတွက် လွတ်လပ်စွာဆေးကုသခွင့်နှင့် အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများက ကူညီပေးရန် NLD ပါတီက မေတ္တာရပ်ခံထားသည်။
ယခုကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေမှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စိုးရိမ်ကြောင်းပြောကြားထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးပါက ယုံကြည်ရသည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဟု ပြောကြားထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်သည်ဟု သားဖြစ်သူ ကင်အဲရစ်က ပြောကြားထားသော်လည်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက နိုင်ငံရေးလုပ်ကြံမှုဟု ဖြေကြားထားသည်။
