မဲပေးသူနည်းသဖြင့် ပြည်သူများကို အိမ်တိုင်ရာရောက် စုစည်းခေါ်ဆောင်ရန် ရပ်ကျေးများကို စစ်ကောင်မရှင် ညွှန်ကြားနေ

စစ်ကော်မရှင်က ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲ ပထမအဆင့်တွင် မဲလာပေးသူ အလွန်နည်းပါးနေခြင်းကြောင့် မဲဆန္ဒရှင်ပြည်သူများကို မဲရုံများသို့ စုစည်းခေါ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံနှင့်တကွ တင်ပြရန် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ညွှန်ကြားချက်များ ထွက်ပေါ်လာကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အရ ရပ်ကျေးအဖွဲ့အစည်းများသည် ပြည်သူများကို မဲပေးရန် နှိုးဆော်ရုံတင်မကဘဲ နေအိမ်များအထိ လိုက်လံခေါ်ဆောင်ပေးရမည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောပြချက်အရ “ထွေအုပ်က ညွှန်ကြားတော့ ရပ်ကျေးက ဆောင်ရွက်ရတာပါ။ အိမ်ထဲမှာဘဲ နေနေတဲ့သူတွေကို မဲရုံရောက်အောင် ကားနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် စုစည်းခေါ်ဆောင်ပေးရမှာပါ။ မြို့ပေါ်မဲရုံတွေမှာတော့ မဲလာပေးသူ အရမ်းနည်းနေပြီး ကျေးရွာဘက်တွေမှာပဲ အနည်းငယ် ရှိပါတယ်” ဟု ဆိုသည်။

ဤညွှန်ကြားချက်ကို ဧရာဝတီတိုင်းအတွင်း အတည်ပြုနိုင်ခဲ့ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြေရှိကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေသော်လည်း မွန်းလွဲပိုင်းအထိ မဲရုံအများစုမှာ ခြောက်ကပ်နေဆဲ ဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေနှင့် တပ်ပိုင်နယ်မြေအချို့တွင်သာ မဲပေးသူ အနည်းငယ်ရှိကြောင်း သိရသည်။

ယခုရွေးကောက်ပွဲတွင် အသုံးပြုသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်အပေါ်တွင်လည်း ပြည်သူများအကြား မေးခွန်းထုတ်မှုများ ရှိနေပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်သူတစ်ဦးက “အရင်ကဆိုရင် ပယ်မဲဖြစ်အောင် လုပ်လို့ရပေမယ့် အခုက စက်ခလုတ်စနစ် ဖြစ်နေတယ်။ တစ်ယောက်ကို မဲပေးချိန် ၃ မိနစ် ပေးထားတာကြောင့် မဲမပေးဘဲ မတ်တပ်ရပ်နေတာမျိုး ဒါမှမဟုတ် ကျော်သွားတာမျိုး လုပ်ရင်လည်း ဥပဒေအရ ဖမ်းလို့မရဘူး” ဟု သုံးသပ်သည်။

သို့သော် မြေပြင်တွင်မူ မဲမပေးဘဲ ကျော်သွားသူများကို မဖြစ်မနေ ခလုတ်နှိပ်ရန် မဲရုံဝန်ထမ်းများက ဖိအားပေးပြောဆိုမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

လက်ရှိတွင် မဲရုံများ၌ တာဝန်ကျနေသူများသည် တစ်နာရီလျှင် တစ်ကြိမ် မဲပေးပြီးသူ အရေအတွက်ကို သက်ဆိုင်ရာ မြို့နယ်များသို့ သတင်းပို့နေရကြောင်း သိရသည်။ ယနေ့ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း (၂၁,၅၁၇) ရုံ ရှိပြီး ၎င်းအရေအတွက်မှာ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက မဲရုံပေါင်း (၁၈,၀၀၀) ကျော်အထိ သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။

စာတည်း-ကိုဆန်း