ရန်ကုန်မြို့တွင် စစ်ကော်မရှင်ပြုလုပ်သည့် တရားမဝင် မဲရုံများဆီသို့ မဲသွားပေးသူ အလွန်နည်း ကြောင်း Rangoon Scout Network – RSN က ဆိုသည်။
တရားမဝင်ရွေးကောက်ပွဲ အပိုင်း၁အဖြစ် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ကမာရွတ်၊ ကျောက်တံတား၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းနှင့် အ လုံမြို့နယ်တို့တွင် ယနေ့(ဒီဇင်ဘာ၂၈ရက်)ပြုလုပ်လျက်ရှိရာ လုံခြုံရေးစိုးရိမ်သူအချို့နှင့် စစ်တပ်၊ကြံ့ ဖွံ့နှင့် နီးစပ်သူအချို့သာမဲသွားပေးကြကြောင်း သိရသည်။
“မဲပေးသူနည်းတယ်လို့ထင်တယ်။ တချို့မြို့နယ်မှာ မနက် ၆ ကနေ ညနေ ၄ ထိ မဲလာပေးလို့ရတယ်ဆိုပြီး ရပ်ကွက်ထဲထိ လိုက်ဆော်ဩနေတယ်လို့ သိရတယ်ဗျ”ဟု RSN တာဝန်ရှိ သူက MPAသို့ပြောသည်။
ညနေ ၄နာရီအထိ မဲလာပေး၍ရကြောင်းကို သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ၂၉ရပ်ကွက်အတွင်း၌ နေ့ခင်း၁၁နာရီကျော်က လိုက်လံဆော်ဩနေခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက “ဒီနေ့ အခြေအနေသိချင်လို့ ကားနဲ့ ပတ်ကြည့်တာ လမ်းမပေါ် ကားရောလူရော ပုံမှန်ရက်ထက် ပိုရှင်းနေတယ်။သုဝဏ္ဏ၊ သင်္ဃန်းကျွန်း ဘက်က တံတားအဆင်း၊အတက်နဲ့ လမ်းတွေပေါ်မှာ လုံခြုံရေးတွေ တော်တော်ချထားတာ တွေ့ တယ်။မဲပေးတဲ့သူထက် လုံခြုံရေးက ပိုများနေသလားပဲ။ပြည်သူတွေ မဲထွက်မပေးကြဘူး”ဟု ပြော သည်။
လုံခြုံရေးတစ်ဖွဲ့လျှင် စစ်သား၊ရဲနှင့် ပျူစောထီး စုစုပေါင်း ၇ဦး၊၈ဦး တွေ့ရကြောင်း သိရသည်။
စာတည်း-ML
