ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပနေသည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် မဲပေးမည့်သူမရှိသဖြင့် ရပ်ကွက်များအတွင်း အော်လံများဖြင့် လိုက်လံဆော်ဩနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ ဒေသခံများအနေဖြင့် မဖြစ်မနေ မဲပေးရမည်ဖြစ်ကြောင်း နေအိမ်များအထိ လိုက်လံပြောဆိုမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့်ပါ လိုက်လံခေါ်ယူမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “ကျတော်ကတော့ မဲမပေးဘူး၊ အပြင်ထွက်ဖို့လည်း စိတ်မကူးဘူး။ ရပ်ကွက်ရုံးမှာဘဲ မဲပုံးချပေးထားပြီး ရပ်ကွက်အလိုက် ဆော်ဩနေတာ။ မဲထည့်သူမရှိလို့ လေ။ မဖြစ်မနေထည့်ရမယ်လို့ ပြောပေမယ့် မထည့်တဲ့သူက များပါတယ်။ မဲပုံးဘယ်နားချထားမှန်းတောင် လူတွေက စိတ်မဝင်စားလို့ မသိကြဘူး။ တချို့ဆိုရင် ခြိမ်းခြောက်ခံရလို့သာ ပေးနေကြရတာ” ဟု ပြောသည်။
ထို့ပြင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက မဲရုံများတွင် တင်းကျပ်စွာ စစ်ဆေးနေပြီး ဒေသခံများအား ဖုန်းနှင့် အခြားရွေးကောက်ပွဲကို ထိခိုက်စေမည့်ပစ္စည်းများ မယူဆောင်လာရန် တားမြစ်ထားကြောင်း သိရသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ပထမပိုင်းအဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်ပြီး ရှမ်းမြောက်ပိုင်းရှိ လားရှိုး၊ မူဆယ်နှင့် နောင်ချိုမြို့များလည်း ပါဝင်နေခြင်းဖြစ်သည်။ လားရှိုးနှင့် မူဆယ်မြို့တို့တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဒေသခံ အမျိုးသမီးတစ်ဦးကမူ “မဲမပေးချင်လို့ တချို့က တခြားနေရာတွေကို ခဏအလည်ခရီး ထွက်သွားကြတာတောင် ရှိတယ်။ မဲပေးရမှာကို လူတွေက မလိုလားကြဘူး” ဟု ဆိုသည်။
အတင်းအကျပ် မဲထည့်လိုက်ရသူ တစ်ဦးကလည်း “အုပ်ချုပ်ရေးမှူးတွေက မထည့်လို့မရဘူးဆိုပြီး အိမ်ထိလာပေးသွားတာ။ မဲကတ်ကို ထည့်ပြီးရင်လည်း သူတို့က တံဆိပ်တုံးထုပြီး ပြန်အပ်ခိုင်းတယ်။ ကိုယ့်လုံခြုံရေးအတွက် စိတ်မပါဘဲ ပေးလိုက်ရလို့ ဝမ်းနည်းမိပါတယ်” ဟု ရင်ဖွင့်ခဲ့သည်။
လားရှိုးမြို့သည် ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ကိုးကန့်တပ် (MNDAA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ထိန်းချုပ်ခဲ့သည့် မြို့ဖြစ်သည်။ သို့သော် ၈ လအကြာတွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ကိုးကန့်တပ်က မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုအား စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ရပြီး မြို့ပြင်ရှိ ကျေးရွာများကိုမူ ကိုးကန့်တပ်က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။
ဒေသခံများကမူ စစ်ကော်မရှင်၏ မတရားမှုများမှ အမြန်ဆုံး လွတ်ကင်းနိုင်ရန် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။
စာတည်း-ကိုဆန်း
